DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ရောဂါကူးစက်မှုမြင့်တက်နေချိန် စစ်ကောင်စီဝန်ကြီးများ အပြိုင်အဆိုင် ထမနဲထိုးပွဲကျင်းပနေ
DVB
·
February 16, 2022
ကိုဗစ်ရောဂါကူးစက်မှုမြင့်တက်နေချိန် စစ်ကောင်စီဝန်ကြီးများ အပြိုင်အဆိုင် ထမနဲထိုးပွဲကျင်းပနေ
Donate to DVB

မြန်မာပြည်တွင်းမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု နေ့စဉ်ထောင်နဲ့ချီရှိနေချိန်မှာ စစ်ကောင်စီခန့် ဝန်ကြီးတွေဟာ ထမနဲထိုးပြိုင်ပွဲတွေကို  အပြိုင်အဆိုင်ကျင်းပနေကြပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို  နေပြည်တော်မှာ   ဖေဖော်ဝါရီ ၁၅ ရက်မွန်းလွဲပိုင်းက   ကျင်းပရာမှာ  စစ်ကောင်စီခန့် ဝန်ကြီး ဒေါက်တာသက်သက်ခိုင်နဲ့ အရာထမ်းအမှုထမ်းတွေတက်ရောက် အားပေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပါတယ်။

အလားတူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ထမနဲထိုးပြိုင်ပွဲကို မနေ့ညပိုင်းက နေပြည်တော်ရှိ မြန်မာ့မီးရထားဘူတာကြီးမှာ ကျင်းပရာ စစ်ကောင်စီခန့် ဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဝန်ကြီးတွေ၊ အမြဲတမ်းအတွင်းဝန်နဲ့ ဌာနအကြီးအကဲတွေ၊ ဝန်ထမ်းတွေ တက်ရောက်အားပေးကြတယ်လို့ဆိုပါတယ်။

နယ်စပ်ရေးရာဝန်ကြီးဌာနကလည်း ဒုဝန်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးနဲ့ ဗိုလ်ချုပ် ဖြိုးသန့်တို့ ဦးဆောင်ပြီး ထမနဲထိုးပြိုင်ပွဲကျင်းပခဲ့သလို စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊   မြန်မာနိုင်ငံတော်ဗဟိုဘဏ် (နေပြည်တော်) ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးစတဲ့ ဌာနဆိုင်ရာတွေအပြင် တိုင်းစစ်ဌာနချုပ်အသီးသီးမှာလည်း မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ အခမ်းအနားကို မနေ့မနက်က ကျင်းပသွားပါတယ်။

စစ်ကောင်စီဝန်ကြီးတွေ  ထမနဲထိုးပြိုင်ပွဲတွေ အပြိုင်အဆိုင်ကျင်းပနေချိန်မှာ အာဏာသိမ်း စစ်ခေါင်းဆောင်ကလည်း  ယတြာချေတဲ့အနေနဲ့   နယ်လှည့်  ဘုရားထီးတင်ပွဲတွေ ပြုလုပ်နေပါတယ်။

မြန်မာနိုင်ငံမှာ ခုသီတင်းပတ်တွေအတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ်နေ့စဉ်ထောင်နဲ့ ချီ ဆက်တိုက်တွေ့နေသလို ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာလည်း အိုမီခရွန် ရောဂါလက္ခဏာနဲ့ နေထိုင်မကောင်းဖြစ်သူတွေလည်း များပြားလာနေပါတယ်။ 

မြန်မာနိုင်ငံမှာ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂,၄၆၇ ယောက်နဲ့ ကူးစက် ခံရသူပေါင်း ၅၅၀,၈၂၄ ယောက်ရှိခဲ့ပြီလို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၅ ရက်ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

Photo -MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013