DVB Logo
Home
မြန်မာသတင်း
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်မည်မဟုတ်ဟု တက်ခွင့်မရသည့် စစ်ကောင်စီ ကြေညာ
DVB
·
February 14, 2022
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို တက်ရောက်မည်မဟုတ်ဟု တက်ခွင့်မရသည့် စစ်ကောင်စီ ကြေညာ
Donate to DVB

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ သီးသန့်အစည်းအဝေးသို့ မြန်မာနိုင်ငံက ပါဝင် တက်ရောက်နိုင်မှာမဟုတ်သလို နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့ ပုဂ္ဂိုလ်ကိုလည်း စေလွှတ်မှာ မဟုတ်ဘူးလို့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၄ ရက်   ဒီကနေ့ ထုတ်ပြန် ကြေညာပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်ပင်မြို့မှာ  ဖေဖော်ဝါရီ ၁၇ ရက်နေ့ ကျင်းပဖို့ရှိတဲ့ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ သီးသန့်အစည်းအဝေးမှာ မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဖိတ်ကြားခြင်းမရှိဘဲ  နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့ ပုဂ္ဂိုလ် တဦးကိုသာ အာဆီယံက အစည်းဝေးတက်ခွင့်ပြုတဲ့ အပေါ် စစ်ကောင်စီဘက်က တုံ့ပြန်ကြေညာလိုက်တာပါ။ 

ဒီအစည်းအဝေးဟာ ၂၀၂၂ ခုနှစ်မှာ  အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံက  ပထမဆုံးအကြိမ် လက်ခံကျင်းပမယ့်  အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးဖြစ်ပါတယ်။

အာဆီယံခေါင်းဆောင်တွေအားလုံး ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီ ၅ ချက်ကို မြန်မာအာဏာသိမ်း စစ်ကောင်စီဘက်က အခုအချိန်အထိ အကောင်အထည်ဖော် လုပ်ဆောင်ခဲ့တာ မရှိတဲ့အတွက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း စစ်ကောင်စီဝန်ကြီးကို  အာဆီယံက အစည်းအဝေး တက်ခွင့်မပြုဘဲ ဆက်လက် ဖယ်ကြဉ်ထားခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီနိုင်ငံခြားရေးဌာနကတော့ အာဆီယံရဲ့ဆုံးဖြတ်ချက်ဟာ အာဆီယံပဋိညာဉ်စာတမ်း၊ အရှေ့တောင်အာရှ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်၊ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲရေးမူကြီး (၅)ချက်၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ အခြေခံမူတွေ၊  မြန်မာနိုင်ငံခြားရေးမူဝါဒတွေနဲ့ သွေဖည်နေတဲ့အတွက်  အာဆီယံမှာ နိုင်ငံတိုင်း တန်းတူရည်တူ ပါဝင်တက်ရောက် ခွင့်ရှိရေးဆိုတဲ့ မူနဲ့ ထုံးတမ်းစဉ်လာတွေကို သွေဖည်နေလို့ မလွှဲမရှောင်သာတဲ့ အခြေအနေကြောင့်  မြန်မာက အစည်းအဝေးမတက်တာလို့ ထုတ်ပြန် ကြေညာပါတယ်။ 

မြန်မာအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအားလုံး တက်ရောက်ခွင့်ရဖို့  လက်ရှိ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံရဲ့  ကြိုးပမ်း ဆောင်ရွက်မှုကို အသိအမှတ်ပြုကြောင်းလည်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ကျင်းပခဲ့တဲ့ (၃၈)ကြိမ်နှင့် (၃၉)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့  ဆက်စပ်အစည်းအဝေးတွေမှာလည်း မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကို အာဆီယံက ပါဝင်တက်ရောက်ခွင့် မပြုခဲ့ပါဘူး။

Photo-MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013