
ဂျပန်နိုင်ငံတဝန်းကို အားပြင်းတဲ့ အပူပိုင်းမုန်တိုင်း ဂျန်းင်မီဟာ ဇွန် ၃ ရက် ဒီနေ့မနက်ပိုင်းမှာ ဝင်တိုက်ခတ်ခဲ့ပြီး လေပြင်းတိုက်ခတ်မှုနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် သယ်ယူပို့ဆောင်ရေးနဲ့ စီးပွားရေးလုပ်ငန်းတွေကို အနှောင့်အယှက်ဖြစ်စေခဲ့ပြီး အိမ်ခြေထောင်ပေါင်းများစွာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ပါတယ်။
ဒီနေ့မနက်ပိုင်းမှာ တိုကျိုရဲ့ ဟာနဲဒါနဲ့ နာရီတာ လေဆိပ်တွေမှာ ဂျပန်လေကြောင်းလိုင်း (JAL) နဲ့ အောလ်နစ်ပွန် အဲဝေးစ်အပါအဝင် ပြည်တွင်း၊ ပြည်ပ လေယာဉ်ခရီးစဉ်ပေါင်း ၉၀၀ နီးပါးအထိ ဖျက်သိမ်းခဲ့ရပြီး ခရီးသည်တွေဟာ လေယာဉ်နောက်ကျတာ၊ ဖျက်သိမ်းတာတွေနဲ့ ကြုံနေရပါတယ်။
တိုကျိုမြို့မှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မဲဂူရိုမြစ်လို တိုကျိုမြို့လယ်ရှိ မြစ်တချို့ ရေလျှံနေပါတယ်။
တိုကျိုနဲ့ အိမ်နီးနားချင်း ယိုကိုဟားမားမြို့က တချို့နေရာတွေအတွက် ဘေးလွတ်ရာရွှေ့ပြောင်းဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားသလို၊ ဂျပန်အရှေ့ဘက်ကမ်းရိုးတန်း ဒေသတချို့မှာလည်း မြေပြိုနိုင်ခြေရှိကြောင်း ဂျပန်မိုးလေဝသအေဂျင်စီ (JMA) ဝဘ်ဆိုက်မှာ ကြေညာထားပါတယ်။
ဒီနေ့မနက်ပိုင်းအထိ အိမ်ခြေ ၆၀,၀၀၀ နီးပါး လျှပ်စစ်မီး ပြတ်တောက်နေတယ်လို့ ဂျပန်အစိုးရပြောရေးဆိုခွင့်ရှိသူ မီနိုရု ခိဟာရ က ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားပါတယ်။
မုန်တိုင်း ဂျန်းင်မီဟာ တစ်စက္ကန့်ကို ၂၅ မီတာနှုန်း လေပြင်းတိုက်ခတ်မှုတွေ နဲ့အတူ အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားနေပြီး တိုကျိုမြို့ပြဧရိယာနားကနေ ဖြတ်သန်းနေပါတယ်။
ပစိဖိတ်ကမ်းရိုးတန်းတလျှောက်က တချို့ဒေသတွေမှာ “အသက်အန္တရာယ်စိုးရိမ်ရတဲ့ သဘာဝ ဘေးအန္တရာယ်တွေ” ကြုံရနိုင်ခြေရှိတယ်လို့ မိုးလေဝသအေဂျင်စီက သတိပေးထားပါတယ်။
ဇွန် ၁ ရက်ကလည်း ဂျန်းင်မီ မုန်တိုင်းဟာ အိုကီနာဝါ ကို ဖြတ်သန်းချိန်တုန်းက အနည်းဆုံး လူ ၁၆ ဦး ဒဏ်ရာရခဲ့ပြီး လူပေါင်းထောင်ချီ ယာယီမီးပြတ်တောက်မှု ကြုံခဲ့ရပါသေးတယ်။










