DVB Logo
Home
မြန်မာသတင်း
ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် ကျင်းပရန် အာဏာပိုင်များ ပိတ်ပင်
DVB
·
February 13, 2014
ဗိုလ်ချုပ်မွေးနေ့အထိမ်းအမှတ် ကျင်းပရန် အာဏာပိုင်များ ပိတ်ပင်
Donate to DVB

ပဲခူးတိုင်း ရွှေကျင်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခွင့်ကို မြို့နယ် အာဏာပိုင်တွေက တားဆီးပိတ်ပင် လိုက်ပါတယ်။

bogyoke aung sanဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ရွှေကျင်မြို့ခံ လူငယ်များ ဦးဆောင်ပြီး လွတ်လပ်ရေးကျောက်တိုင်မှာ ကျင်းပပြုလုပ်မှာကို အာဏာပိုင်တွေက တားဆီး ပိတ်ပင်လိုက်တာပါ။

အခမ်းအနား ကျင်းပပြုလုပ်ဖို့အတွက် ဇန်န၀ါရီလ ၂၂ ရက်နေ့က ခွင့်ပြုချက် တောင်းခံခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ရွှေကျင်မြို့နယ် ရဲစခန်းမှူး အပါအ၀င် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒု မြို့နယ်အချုပ်ရေးမှူးတို့က ခေါ်ယူတွေ့ဆုံပြီး အခမ်းအနား ကျင်းပခွင့်မရှိဘူးလို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းမှာ အခမ်းအနား ကျင်းပဖို့အတွက် ရည်ရွယ်ထားတဲ့ မြို့လယ်ခေါင်ရှိ အများပြည်သူပိုင် လွတ်လပ်ရေး ကျောက်တိုင်ကို ခြံစည်းရိုး ခတ်လိုက်ပြီး မြို့တွင်း လုံခြုံရေးအင်အား တိုးမြှင့်လိုက်ပါတယ်။

ဗိုလ်ချုပ် မွေးနေ့ အထိမ်းအမှတ် အခမ်းအနား ဦးဆောင်ကျင်းပပြုလုပ်တဲ့ မြို့ခံလူငယ်တဦးဖြစ်တဲ့ ကိုရာဇာက အာဏာပိုင်တွေဘက်က အခမ်းအနား ကျင်းပခွင့် မပြုတာနဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။

“မြို့နယ် အုပ်ချုပ်ရေးမှူးကလည်း မပေးဘူးဗျ။ မြို့နယ်ရဲမှူးကလည်း မပေးဘူးဗျ။ ဘယ်လို အကြောင်းပြချက်လဲဆိုတော့ ပထမ အကြောင်းပြချက်ကတော့ ဗိုလ်ချုပ်နဲ့ ကျောက်တိုင်နဲ့ လွတ်လပ်ရေးနဲ့ ဘာမှ မပတ်သက်ဘူး။ အဲဒီတော့ မင်းတို့ လုပ်ချင်ရင်လည်း ကိုယ့်အိမ်မှာကိုယ်လုပ်။ မင်းတို့ အချင်းချင်းပဲလုပ်၊ မင်းတို့ ပျော်ပွဲစားထွက်သလိုလုပ်၊ ငါတို့ မြို့လယ်ခေါင်တို့ လမ်းလယ်ခေါင်တို့ လွတ်လပ်ရေး ကျောက်တိုင်တို့မှာ ဘာမှ လာလုပ်ခွင့် မရှိဘူးဆိုပြီးတော့ ပိတ်တယ်ဗျ။”

ဗိုလ်ချုပ်မွေးနေ့ကို တိုးတိုးတိတ်တိတ်နဲ့ အသံမထွက်အောင် ကျင်းပနေရတယ်လို့ မြို့ခံလူငယ် ကိုရာဇာဆိုပါတယ်။
“အခုကျနော်တို့မှာက ဘယ်လိုဖြစ်နေလဲဆိုတော့ ဒီနေ့က ဗိုလ်ချုပ်မွေးနေပါဆိုပြီးတော့ ကျနော်တို့က ကိုယ်ယောင်ဖျောက်ပြီးတော့ တအိမ်တက်ဆင်းကို သူခိုးတက်သလို တက်ပြီးတော့ ဒီဟာက ဗိုလ်ချုပ်မွေးနေ့အတွက် ကျွေးတဲ့ ပဲပြုတ်နဲ့ နံပြားပါဆို လိုက်ကျွေးရတယ်။ ကျနော်တို့ သူငယ်ချင်းတွေ ခွဲပြီးတော့ တချို့က ဈေးထဲ၊ တချို့က ဆိုင်ကယ် ကယ်ရီဂိတ်လိုနေရာမျိုးတွေမှာ လိုက်ပြီးတော့ လာဘ်သိပ်ထိုးပြီးတော့ ဗိုလ်ချုပ်မွေးနေ့တောင်မှ အသံမထွက်အောင် ကျင်းပနေရ တယ်။ ကျနော်တို့လည်း တော်တ်ာစိတ်မကောင်း ဖြစ်နေရတယ်။ ကျနော်တို့ စီစဉ်ထားသလို ဘုန်းကြီးတွေလည်း ဆွမ်းကပ်လို့ မရဘူးဗျ။”

ဗိုလ်ချုပ်မွေးနေ့အခမ်းအနား ကျင်းပခွင့်မပြုခဲ့တာနဲ့ ပတ်သက်ပြီး ရွှေကျင်မြို့နယ် အုပ်ချုပ်ရေးမှူးကို ဖုန်းနဲ့ အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းပြန်လည်ဖြေကြားခြင်း မရှိပါဘူး။ ရွှေကျင်ရဲစခန်းကို ဆက်သွယ်မေးမြန်းရမှာ တာဝန်ကျ ၀န်ထမ်းက ဖြေဆိုပိုင်ခွင့် မရှိဘူးလို့ ပြောပါတယ်။

၉၉ နှစ်ပြည့် ဗိုလ်ချုပ် မွေးနေ့ အထိမ်းအမှတ် အခမ်းအနားများကို မြန်မာနိုင်ငံ ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013