Home
မြန်မာသတင်း
မြောက်ဥက္ကလာပမြို့နယ်နေ ကျောင်းဆရာ ၁ ဦး ထောင်ဒဏ်တသက်ချမှတ်ခံရ
DVB
·
February 13, 2022
alin sayar
273934528_254959753470955_1987835243605689560_n

ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်မှာနေထိုင်တဲ့ ပုဂ္ဂိလိက ကျောင်းဆရာ တယောက်ကို စစ်ကောင်စီက ထောင်ဒဏ်တသက် ချမှတ်လိုက်ပါတယ်။ 

မြောက်ဥက္ကလာပမြို့နယ်၊ ၅ ရပ်ကွက်၊ သီတာလမ်းမှာနေတဲ့ တက္ကသိုလ်ဝင်တန်း မြန်မာစာဆရာ ဦးမြင့်ဇော်(ခ) မြင့်ဇော်မြင့်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့က စစ်ခုံရုံးကနေ ထောင်ဒဏ်တသက် ဆုံးဖြတ်လိုက်တာလို့ စစ်ကောင်စီလက်အောက်ခံ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားသတင်းမှာ ဖော်ပြပါတယ်။

ဦးမြင့်ဇော်ဟာ ဖေဖော်ဝါရီလကနေ ဒီဇင်ဘာလအတွင်း မြောက်ဥက္ကလာပမြို့နယ်မှာလုပ်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်တာ၊ စစ်ကောင်စီက အကြမ်းဖက်အုပ်စုတွေလို့ သတ်မှတ်ကြေညာထားတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တာ၊ ငွေကြေး ထောက်ပံ့ခဲ့တယ်လို့ စွပ်စွဲဖမ်းဆီးခဲ့ပြီး စစ်ခုံရုံးဖွဲ့ စစ်ဆေးခဲ့တာလို့ ဆိုပါတယ်။

အဲဒီနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) အရ ဖေဖော်ဝါရီ ၁၁ ရက်မှာ ထောင်ဒဏ်တသက်ချမှတ်တာလို့ ဆိုပါတယ်။

ဦးမြင့်ဇော်(ရွှေတံခါး) ဟာ ကိုယ်ပိုင်ကျောင်းဆရာ ၊ မြန်မာစာကိုအထူးပြုသင်ကြားတဲ့ဆရာတစ်ဦးဖြစ်ပြီး မဟာဝိဇ္ဇာလက်ထောက် ကထိက(ငြိမ်း) ဖြစ်ပါတယ်။ ဦးမြင့်ဇော်(ရွှေတံခါး) အမည်နဲ့ မြန်မာသင်ထောက်ကူစာအုပ်တွေလည်းထုတ်ဝေခဲ့ပြီး မြန်မာစာဘာသာရပ်ကိုသေချာစနစ်တကျသင်ကြားခဲ့ကာ ဂုဏ်ထူးရှင်တွေနှစ်စဉ်မွေးထုတ်ပေးနေတဲ့ မြန်မာဆရာတစ်ဦးဖြစ်ပါတယ်။

ဆရာဦးမြင့်ဇော်ရဲ့ တပည့်တစ်ဦးက “ဆရာက ရှေ့မီ၊နောက်မီနဲ့ နိုင်ငံရေးကို သေချာနားလည်တဲ့သူမို့လို့ စစ်ကောင်စီဘက်က ပစ်မှတ်ထားတာလို့ပဲ မြင်ပါတယ် ။ ဘယ်နေ့က ဖမ်းသွားတာလဲ ၊ ဘယ်လိုဖြစ်တာလည်းကို မိသားစုကလွဲပြီး ဘယ်သူမှမသိကြဘူး ၊ MRTV သတင်းမှာ ဆရာ့ပုံပါလာမှသိရတာ ။ ဒီလိုကိစ္စတွေဖြစ်လာနိုင်တာလည်းဆရာအနေနဲ့ ကြိုတင်မှန်းဆထားပြီးသားဖြစ်မှာပါ ၊ ဆရာက စာသင်တဲ့တစ်လျှောက်လုံးမှာ ခေတ်တစ်ခေတ်ရဲ့ တာဝန်ကို လူငယ်တွေကထမ်းဆောင်ဖို့ကို ဝန်မလေးဖို့အမြဲညွှန်ပြဆုံးမခဲ့တယ် ၊ ဆရာက သူ့အပေါ်ကျလာတဲ့တာဝန်ကို သူကျေပွန်စွာထမ်းဆောင်ခဲ့တာမို့ နောင်တရမှာလည်းမဟုတ်ပါဘူး“လို့ ပြောပါတယ် ။

နိုင်ငံတဝန်း ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၂ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်း ၉၀၈၇ ဦးရှိပြီး အဲဒီထဲက ၇၀၃ ဦး ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)  က ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024