DVB Logo
Home
မြန်မာသတင်း
ပြည်ပသတင်းသမားများကို ပြည်ဝင်ခွင့်ဗီဇာ ပြန်စည်းကြပ်
DVB
·
February 13, 2014
ပြည်ပသတင်းသမားများကို ပြည်ဝင်ခွင့်ဗီဇာ ပြန်စည်းကြပ်
Donate to DVB

မြန်မာအစိုးရက ဂျာနယ်လစ်ဗီဇာထုတ်ပေးတာကို ဖေဖော်ဝါရီ လဆန်းပိုင်းကစပြီး ပြင်ဆင် သတ်မှတ်လိုက်ပါတယ်။

ဒီလဆန်းက စတင်တဲ့ သတ်မှတ်ချက်အရဆိုရင် ပြည်ပက  ၀င်ရောက်ကြတဲ့ သတင်းသမားတွေအဖို့ သတင်းယူခွင့်ကာလ တိုတောင်းသွားစေမှာ ဖြစ်ပါတယ်။

မနှစ် ဇွန်လဆန်းက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်နဲ့ ဒီဇင်ဘာလထဲ ကျင်းပပြုလုပ်ခဲ့တဲ့ ဆီးဂိမ်းပွဲတွေ ရှိတာကြောင့် ဂျာနယ်လစ်ဗီဇာကို ကာလကြာကြာ ပေးခဲ့ပေမယ့် ဆီးဂိမ်းပွဲအပြီးမှာ ပြန်သုံးသပ်ပြီး အခုလို ပြောင်းလဲ သတ်မှတ်လိုက်တာလို့ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးရဲထွဋ်က  ပြောပါတယ်။

အခုအစီအစဉ်အရ ဂျာနယ်လစ်ဗီဇာကို ၃ မျိုးခွဲပြီး ထုတ်ပေးမယ်လို့ သူက ပြောပါတယ်။

“နံပါတ် ၁ ကတော့ ကျနော်တို့ဆီမှာ သတင်းဗျူရိုဖွဲ့ပြီးတော့မှ လုပ်ကိုင်နေကြတဲ့ ၀န်ထမ်းတွေကို ၆ လအကြိမ်ကြိမ် ပြည်ဝင်ခွင့် ဗီဇာပေးမယ်။ ၂ က အကြောင်းအားလျှော်စွာ သတင်းလာယူတဲ့သူတွေက အများဆုံး ၁ လအထိ ပေးမယ်။ နံပါတ် ၃ က သတင်းတခုအတွက် ဥပမာ အခမ်းအနားတခုအတွက်၊ အာဆီယံ အစည်းအဝေးလိုဟာမျိုးတခုအတွက် အဲဒီ အခမ်းအနား မစခင် ၂ ရက် အခမ်းအနားကျင်းပစဉ်ကာလ ပြီးရင် နောက်ပိုင်း ၂ ရက် အဲဒီလို ပေးမယ်လို့ ပြန်သတ်မှတ်တယ်။”

 ပြည်ပသတင်းဌာနတွေက သတင်းထောက်တွေဟာ ပြည်တွင်းအခြေစိုက်ဖွင့်လှစ်ထားတဲ့ သတင်းဗျူရိုက ၀န်ထမ်းတွေလို ကာလရှည်ကြာနေထိုင်ပြီး သတင်းရယူနေကြတယ်။ သတင်းရယူရာမှာလည်း နိုင်ငံခြားသတင်းထောက်များအသင်းနဲ့ အဆက်အသွယ်မလုပ်ဘဲ သီးခြား သတင်းရယူနေကြတာတွေကို တွေ့ရတဲ့အတွက် အခုလို  သတ်မှတ်လိုက်တာလို့ ဆိုပါတယ်။

၂၀၁၄ ခုနှစ်အတွင်း ကျင်းပနိုင်ဖွယ်ရှိနေတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး၊ ရွေးကောက်ပွဲ အကြိုမဲဆွယ်စည်းရုံးရေးကာလ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စတဲ့ ထူးခြားတဲ့ မြန်မာနိုင်ငံရေးအပြောင်းအလဲ ဖြစ်စဉ်တွေ ရှိနေပါတယ်။

စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဇော်သက်ထွေးကတော့ ၂၀၁၄ ဟာ မီဒီယာလွတ်လပ်ခွင့်အတွက် စိန်ခေါ်မှုတွေ ရှိနေပြီလို့ သုံးသပ် ပြောပါတယ်။

“၂၀၁၄ ရဲ့ မီဒီယာလွတ်လပ်ခွင့်က အရင်က ၂၀၁၂-၂၀၁၃ တုန်းကလို အရှိန်ကောင်းမလား၊ မကောင်းဘူးလားဆိုတာ အများကြီး စိတ်ပူပန်မှုတွေ ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနှစ် နှစ်ဆန်းပိုင်းမှာ သတင်းထောက်တွေ အယ်ဒီတာတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခြင်း ခံထားရတာမျိုးတွေရှိတယ်။ နောက်တခုက မီဒီယာဥပဒေ အတည်ပြုရေးနဲ့ ပတ်သက်လို့လည်း လွှတ်တော်မှာ ဒီလုပ်ငန်းက နှေးကွေးနေတာမျိုးတွေရှိတယ်။ ဒီကြားထဲမှာ အခုလိုမျိုး ဖြစ်လာတယ်ဆိုရင်တော့ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ သတင်းလုပ်ငန်းတွေမှာ တာဝန်ထမ်းဆောင်နေသူပဲဖြစ်ဖြစ် မသေချာ၊ မရေရာ ကာလမျိုးထဲမှာ လျှောက်လှမ်းနေရသလိုမျိုး ဖြစ်နေဦးမှာပဲ။ အဲဒါဆို ဒီမိုကရေစီနိုင်ငံတခု တည်ဆောက်တဲ့နေရာမှာ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်နဲ့ ပတ်သက်လို့ ၂၀၁၄ မှာ စိမ်ခေါ်မှုတွေ ကြုံတွေ့လာရမှာပါ။ ”

ရန်ကုန်အခြေစိုက် ဧရာဝတီသတင်းဌာနအယ်ဒီတာ ဦးကျော်စွာမိုးကတော့ အခုလို ရုတ်တရက် ဗီဇာပြင်ဆင်သတ်မှတ်လိုက်တဲ့အတွက် အလုပ်လုပ်ရတာ အခက်အခဲတွေ့တယ်လို့ ပြောပါတယ်။

“ချက်ချင်း လက်ငင်းကတော့ အခက်အခဲတွေ့သွားတာပေါ့။ ပြီးခဲ့တဲ့နှစ်ကဆိုရင် ၃ လတို့ ပုံမှန်ရနေတယ်။ ဗီဇာကိုလည်းပဲ ဒီမှာ သက်တမ်းထပ်ပြီး တိုးခွင့်ရှိတယ်။ ဆိုတော့ ဒီက အလုပ်အကိုင် သတင်းခန်းအတွက် အဆင်ပြေတယ်၊ ချောမွေ့တယ်။ ဘာကြောင့် အရင်က ပေးထားတာကို ချက်ချင်းလက်ငင်းကြီး ပြောင်းပစ်လိုက်တယ်ဆိုတာက မေးခွန်းထုတ်စရာပါ။ ဒီပြန်ကြားရေးဝန်ကြီးဌာနအတွက်ရောပေါ့။ ဒါဟာ ဘယ်လိုသဘောမျိုးနဲ့ လုပ်တယ်ဆိုတာ ကျနော်တို့ မသိရဘူး။ ဒီနောက်ကွယ်မှာရော ဘယ်လိုရည်ရွယ်ချက်တွေ ရှိလဲ၊ ဒါကတော့ မေးခွန်းထုတ်စရာပါ။”

မြန်မာနိုင်ငံမှာ တပ်မတော်အစိုးရလက်ထက်တုန်းက စာနယ်ဇင်းသမားတွေအပေါ် အလွန်အမင်း ကန့်သတ်ခဲ့ရာက လက်ရှိအစိုးရ တက်လာပြီးနောက်မှာတော့ ဖြေလျော့မှုတွေ ရှိခဲ့ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013