
ပြင်သစ်လက်ရွေးစင်အသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ ကွင်းလယ်တိုက်စစ်ကစားသမားဟောင်း ဒီမီထရီပါယက်ဟာ အသက် ၃၈ နှစ်အရွယ်မှာ ဘောလုံးလောကကနေ အနားယူပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
ပါယက်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မာဆေးလ်နဲ့ လိုင်လီတို့ ပွဲစဉ်ရဲ့ ပွဲနားချိန်အတွင်းမှာပဲ သူ့ရဲ့ နှစ် ၂၀ ကြာ ကျင်လည်ခဲ့တဲ့ ကစားသမားဘဝကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း အတည်ပြုခဲ့တာပါ။
၂၀၁၅ ခုနှစ်မှာ ဝက်စ်ဟမ်းကို ရောက်ရှိလာခဲ့တဲ့ ပါယက်ဟာ အသင်းအတွက် ပွဲ ၆၀ ကစား၊ ၁၅ ဂိုး သွင်းယူပေးခဲ့ပြီး ပရိသတ်တွေရဲ့အချစ်တော်ဖြစ်ခဲ့သလို ၂၀၁၆ ယူရိုပြိုင်ပွဲမှာလည်း ပြင်သစ်အသင်း ကို ဗိုလ်လုပွဲရောက်အောင် ကူညီပေးခဲ့သူ ဖြစ်ပါတယ်။
သူဟာ နန့်စ်၊ စိန့်အက်တီယန်၊ လိုင်လီ၊ မာဆေးလ်နဲ့ ဘရာဇီးကလပ် ဗတ်စကိုဒဂါးမားအသင်းတို့မှာ ကျင်လည်ခဲ့ပြီး “ဒီအနားယူမှုဟာ လှပတဲ့ ခရီးစဉ်တခုရဲ့ အဆုံးသတ်ပါပဲ” လို့ နှုတ်ဆက်စကား ပြောကြားသွားခဲ့ပါတယ်။
Photo: Reuters










