DVB Logo
Home
မြန်မာသတင်း
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ကြိုးပမ်းရန် ကေအန်ယူခေါင်းဆောင် တိုက်တွန်း
DVB
·
February 11, 2022
အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ကြိုးပမ်းရန် ကေအန်ယူခေါင်းဆောင် တိုက်တွန်း
Donate to DVB

အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တခြားသော ရပိုင်ခွင့် အခွင့်အရေးတွေအတွက် စည်းစည်းလုံးလုံးနဲ့ ကြိုးပမ်းအားထုတ်အကောင်အထည်ဖော်ဖို့  ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ၇၄ နှစ်မြောက် ကရင့်အမျိုးသားနေ့မှာ သဝဏ်လွှာပေးပို့ တိုက်တွန်းထားတာ ဖြစ်ပြီး ကရင်အမျိုးသားတွေရဲ့ သမိုင်း၊ ဂုဏ်အင်္ဂါရပ်တွေနဲ့ အမျိုးသားလက္ခဏာ အစစ်အမှန်တွေကို ၁၉၄၈ ခု ဖေဖော်ဝါရီ ၁၁ ရက်ကလို ညီညီညွတ်ညွတ် ဆက်လက်ဖောင်ဆောင်ပြီး မြင့်တင်ဖို့ လည်း တိုက်တွန်းထားပါတယ်။

ဒါ့အပြင် လူမျိုးတိုင်း ဘာသာတရားတိုင်းအတွက် လွတ်လပ်မှု၊ တန်းတူမှုနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင်တွေကို အာမခံချက်ပေးနိုင်ပြီး နိုင်ငံသူနိုင်ငံသားအားလုံးနဲ့ ပြည်သူ တရပ်လုံး မျှော်လင့်စောင့်စားနေတဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးအတွက် ကြိုးပမ်းအားထုတ်နေတဲ့ လူမျိုး၊ အဖွဲ့အစည်းတိုင်းနဲ့ လက်တွဲကောင်အထည်ဖော်ဖို့လည်း ကေအန်ယူခေါင်းဆောင်က တိုက်တွန်းထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း   စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ပြီး ပြည်သူလူထုနဲ့ တသားတည်းရပ်တည်ကာ နိုင်ငံရေးနဲ့ တော်လှန်ရေးကဏ္ဍတွေမှာ ဦးဆောင်မှုပြုနေကြတဲ့ ကရင်တိုင်းရင်းသားခေါင်းဆောင်နဲ့အဖွဲ့စည်းတွေကို လေးစားကျေးဇူးတင်တယ်လို့ (၇၄)နှစ်မြောက် ကရင်အမျိုးသားနေ့သို့ ပေးပို့တဲ့ သဝဏ်လွှာမှာ ပြောကြားလိုက်ပါတယ်။

ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးတည်ဆောင်ရေးအတွက် အရေးကြီးလှတဲ့ ဒီနေ့အချိန် ကာလမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အဓမ္မ အာဏာသိမ်းမှုကို  နိုင်ငံတဝန်းလုံးရှိ တိုင်းရင်းသားပြည်သူတရပ်လုံး ခုခံဆန့်ကျင်တွန်းလှန်နေရာမှာ ကရင်တမျိုးသားလုံးက ပြည်ထောင်စုစိတ်ဓာတ်မျိုးနဲ့ ဖေးမကူညီ ပံ့ပို့းပေးခဲ့ကြတာဟာ ကျေးဇူးတင်ဖွယ်ရာ ကောင်းလှကြောင်းလည်း ဖော်ပြပါတယ်။

ပြည်ထောင်စုကြီး ရင်ဆိုင်နေရသည့် လက်ရှိနိုင်ငံရေးအကျပ်အတည်းများကို အောင်မြင်စွာ ကျော်လွှားပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ဖြစ်ထွန်းပေါ်ပေါက်လာရေး အရေးတော်ပုံ ခရီးလမ်းမှာ ကရင်တိုင်းရင်းသား သွေးချင်းတွေအပါအဝင် ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ အားလုံး ဟန်ချက်ညီညီ စည်းစည်းလုံးလုံး လျှောက်လှမ်းကြဖို့လည်း တိုက်တွန်းထားပါတယ်။

အလားတူ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကလည်း ကရင်အမျိုးသားတို့ဟာ လွတ်လပ်ရေးမရခင်ကတည်းက နိုင်ငံရေးနိုးကြားသူတွေဖြစ်ပြီး အမျိုးသားလွတ်မြောက်မှုတော်လှန်ရေးလှုပ်ရှားမှုများစတင်ချိန် ၁၉၄၉ ခုနှစ်မှာလည်း ဦးဆောင်ဦးရွက်ပြုခဲ့တဲ့ အမျိုသားတော်လှန်ရေးသမိုင်းကိုလည်း မှတ်တမ်းတင်ကြောင်း ကရင်အမျိုးသားနေ့သို့ပေးပို့သော သဝဏ်လွှာမှာ ပြောဆိုထားပါတယ်။

ဒါ့အပြင် ဒီနောက်ပိုင်း ခေတ်အဆက်ဆက် တိုင်းရင်းသားတပ်ပေါင်းစုအသီးသီးမှာ နှစ်ရှည်လများ ဦးဆောင်ခဲ့ပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပေါ်ပေါက်လာချိန်မှာလည်း ဘဝတူ ညီနောင် ၇ ဖွဲ့ ဦးဆောင်ပြီး တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မျု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကိုလည်း ရှေ့တန်းကနေ လက်မှတ်ရေးထိုးခဲ့တဲ့ကရင်အမျိုးသားတော်လှန်ရေးအဖွဲ့ ကေအန်ယူကိုလည်း ဂုဏ်ပြုအပ်ကြောင်း PPST ရဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ဒီကနေ့  ဖေဖော်ဝါရီ ၁၁ရက်နေ့မှာ ကျရောက်တဲ့ ၇၄ နှစ်မြောက် ကရင်အမျိုးသားနေ့ ဂုဏ်ပြုအထိမ်းအမှတ်အနေနဲ့ ရန်ကုန်တိုင်း အပါအဝင် ဒေသအသီးသီးရှိ ကရင်လူငယ်တွေက  စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ခြင်း လှုပ်ရှားမှု အစီအစဉ်တွေလည်း လုပ်ဆောင်ခဲ့ကြပါတယ်။ 

၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်  မြန်မာတစ်ပြည်လုံးရှိ ကရင်လူထု လေးသိန်းကျော်က နိုင်ငံရေးကြွေးကြော် သံ ၄ ချက်ဖြစ်တဲ့  ကရင်ပြည်ချက်ချင်းပေး (လွတ်လပ်ရေး)၊ ဗမာတကျပ်၊ ကရင်တကျပ် ချက်ချင်းပြ (တန်းတူရေးနှင့် ဒီမိုကရေစီရေး)၊ လူမျိုးရေးအဓိကရုဏ်း အလိုမရှိ (စည်းလုံးညီညွတ်ရေး)၊ ပြည်တွင်းစစ် အလိုမရှိ (ငြိမ်းချမ်းရေး)စတဲ့ ကြွေးကြော်သံတွေကို  မြို့ပေါ်တက်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။

၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလမှာ ဖာပွန်မြို့မှာ ကျင်းပခဲ့တဲ့  ကော်သူးလေပြည်လုံးဆိုင်ရာ ကွန်ဂရက်မှာ ဖေဖော်ဝါရီလ ၁၁ ရက်ကို ကရင်အမျိုးသားနေ့လို့ သတ်မှတ်သွားဖို့  တညီတညွတ်တည်း အတည်ပြုခဲ့ကြပါတယ်။

ဓာတ်ပုံ- KNU 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013