DVB Logo
Home
မြန်မာသတင်း
စစ်တပ်ညှဉ်းပန်းသတ်ဖြတ်ခဲ့သည့် ကျောက်မဲဒေသခံအပါအဝင် အပြစ်မဲ့ကျဆုံးပြည်သူ ၁၅၄၆ ဦးရှိလာ
DVB
·
February 11, 2022
စစ်တပ်ညှဉ်းပန်းသတ်ဖြတ်ခဲ့သည့် ကျောက်မဲဒေသခံအပါအဝင် အပြစ်မဲ့ကျဆုံးပြည်သူ ၁၅၄၆ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁၅၄၆ ယောက်နဲ့ ဖမ်း ဆီးထိန်းသိမ်းခံရသူပေါင်း ၁၂၀၇၄ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက် အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၉၀၆၇ ယောက် လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၆၉၁ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၄၅ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁၉၇၄ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ကတော့ မျက်ကွယ် ပြစ်ဒဏ်ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၈၄ ယောက် ရှိပြီဖြစ်ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အဖွဲ့ဝင်ကျောင်းသားတယောက်ဖြစ်တဲ့ ကိုဝေဖြိုးအောင် (ခ)ဘီအေကို အိုးဘိုအကျဉ်းထောင်တွင်းတရားရုံးက ဖေဖော်ဝါရီ ၈ ရက်မှာ ထောင်ဒဏ် ၆ နှစ် ချမှတ်ခဲ့ပါတယ်။

ကိုဝေဖြိုးအောင်(ခ) ဘီအေ ဟာ မြင်းခြံတက္ကသိုလ်မှ ဒုတိယနှစ် မြန်မာစာကျောင်းသားတယောက်ဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၄ ရက်က ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုစိုးသူရကျော်(ခ) ကဗျာဆရာသာသျှားနဲ့အတူ ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျောက်မဲမြို့၊ တိလင်ရပ်ကွက်မှာ နေထိုင်တဲ့ စိုင်းထွန်းထွန်းဝင်းကို ရာအိမ်မှူး၊ စစ်ကောင်စီတပ်နဲ့ ရဲတွေပါဝင်တဲ့ လူ ၈ ယောက်လောက်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်ည သန်းခေါင်အချိန် နေအိမ်မှာ ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။ 

နောက်တရက် ဖေဖော်ဝါရီ ၃ ရက်ည ၉ နာရီလောက်မှာတော့ စိုင်းထွန်းထွန်းဝင်းဟာ ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံမှာ ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ် တခု လုံးမှာတော့ ညိုမဲဒဏ်ရာတွေအပြင် ဦးခေါင်းခွံကြေတဲ့ ဒဏ်ရာတွေကိုလည်း တွေ့ရှိရ တယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော် လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကိုသိရှိပါက အေအေပီပီ ကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013