DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီ အပါအဝင် ရန်ကုန်အခြေစိုက်ပါတီများကို စစ်ကောင်စီခန့် ကော်မရှင်က စစ်ဆေးမည်
DVB
·
February 10, 2022
အန်အယ်လ်ဒီ အပါအဝင် ရန်ကုန်အခြေစိုက်ပါတီများကို စစ်ကောင်စီခန့် ကော်မရှင်က စစ်ဆေးမည်
Donate to DVB

လာမယ့်ရက်ပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အပါအဝင် ပါတီတချို့ကို စာရင်းစစ်ဆေးမယ်လို့ စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးကြေညာထားပါတယ်။

နိုင်ငံရေးပါတီတွေရဲ့ ပါတီဝင်အင်အား၊ ပါတီပိုင်ရန်ပုံငွေနဲ့ပစ္စည်းတွေစုဆောင်းတာ၊ ထိန်းသိမ်းတာ၊ သုံးစွဲတာတို့ကို စာရင်းရှင်းလင်းဖျက်သိမ်းတာ၊ ပါတီဆိုင်ရာလုပ်ငန်းတွေနဲ့ ဥပဒေနဲ့အညီ စနစ်တကျ ဆောင်ရွက်ထားတာ ရှိ၊ မရှိ တို့ကို စစ်ဆေးနေတာလို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်ကနေ ၁၈ ရက်နေ့အထိ ရန်ကုန်တိုင်း အခြေစိုက်ပါတီတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီနဲ့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) တို့ကို စစ်ဆေးသွားမယ်လို့ စစ်ကောင်စီရဲ့ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ စိုင်းညွန့်လွင်ကတော့ စစ်ဆေးခံဖို့ ကြိုတင် ပြင်ဆင်ထားပြီးသားလို့ ပြောပါတယ်။

“ကျနော်တို့ဘက်က စာရင်းနဲ့ အင်းနဲ့ စနစ်တကျ ရှိထားပြီးပြီမို့ အစစ်ခံဖို့ အဆင်သင့်ပါပဲ။  အစစ်မခံရင် စာရင်းမရှိဘူးလို့ စွပ်စွဲတာမျိုးကို မခံချင်ပါဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့က အစောပိုင်း ကတည်းက ပြင်ဆင်ထားပါတယ်။ အချိန်အတော်ကြာတော့ မစစ်တော့ဘူးလို့ မှတ်ယူပြီး ခရီးထွက်သူက ထွက်ကြပါတယ်။ အခုမှ စစ်မယ် ပြန်လုပ်ပါတယ်”လို့ စိုင်းညွန့်လွင်က ပြောပါတယ်။

ဒါပေမဲ့ ပါတီရုံးကို လာစစ်မှပဲသာ စစ်ဆေးခံမှာဖြစ်တယ်လို့လည်း SNLD ပါတီ ခေါင်းဆောင်က  ပြောပါတယ်။

“ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေနဲ့ ကိုယ့်ရုံးဆီကို လာစစ်မှပဲ အစစ်ခံဖို့  ဆုံးဖြတ်ထားတာမို့ ကျနော်တို့ဆီကို လာစစ်ဖို့ လိုပါတယ်။   သွားပြီး အစစ်ခံဖို့ကတော့ အဆင်မပြေပါဘူး။  စာရင်းစစ်ရဲ့ ထုံးစံက စစ်ဆေးခံရမယ့်သူရဲ့ နေရာမှာသာ လာစစ်တာက ပုံမှန်သဘော ဖြစ်ပြီး  ခေါ်ယူစစ်ဆေးတာကတော့  တရားခံကို စစ်သလိုဖြစ်လို့  ကျနော်တို့  သွားဖို့ အဆင်မပြေပါဘူး” လို့ စိုင်းညွန့်လွင်က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်ကနေ ၂၅ ရက်နေ့အထိမှာတော့ ရန်ကုန်တိုင်း အခြေစိုက်ပါတီတွေဖြစ်တဲ့ ခေတ်သစ်ပြည်သူ့ပါတီ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ၊ ကမန်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ အခြေခံလူတန်းစားဘဝ မြင့်မားရေးပါတီတို့ကို စစ်ဆေးခံနိုင်ဖို့ အကြောင်း ကြားထားတယ်လို့လည်း စစ်ကောင်စီရဲ့ ကော်မရှင်က ဆိုပါတယ်။

အခုလို ပါတီတွေကို စစ်ဆေးရာမှာ စစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေ ဦးဆောင်ပြီး စာရင်းစစ်ချုပ်ရုံး၊ ပြည်တွင်းအခွန်များဦးစီးဌာနနဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့က ဌာနဆိုင်ရာ ကိုယ်စားလှယ်တွေနဲ့ စစ်ဆေးနေတာ ဖြစ်ပါတယ်။

လက်ရှိအချိန်အထိတော့ ကချင်ပြည်နယ် အခြေစိုက်ပါတီ ၅ ပါတီ၊ ကရင်ပြည်နယ် အခြေစိုက်ပါတီ ၂ ပါတီ၊ စစ်ကိုင်းတိုင်း အခြေစိုက်ပါတီ ၂ ပါတီ၊ တနင်္သာရီတိုင်း အခြေစိုက်ပါတီ ၁ ပါတီ၊ ပဲခူးတိုင်း အခြေစိုက်ပါတီ ၃ ပါတီ၊ မန္တလေးတိုင်း အခြေစိုက်ပါတီ ၂ ပါတီ၊ မွန်ပြည်နယ် အခြေစိုက်ပါတီ ၃ ပါတီ၊ ရခိုင်ပြည်နယ် အခြေစိုက်ပါတီ ၇ ပါတီ၊ ရန်ကုန်တိုင်း အခြေစိုက်ပါတီ ၂၄ ပါတီ၊ ရှမ်းပြည်နယ်အခြေစိုက် ပါတီ ၁၃ ပါတီ၊ ဧရာဝတီတိုင်း အခြေစိုက်ပါတီ ၁ ပါတီနှင့် ပြည်ထောင်စုနယ်မြေအခြေစိုက် ပါတီ ၄ ပါတီ၊ စုစုပေါင်း နိုင်ငံရေးပါတီ ၆၇ ပါတီကို စစ်ဆေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013