DVB Logo
Home
မြန်မာသတင်း
၆ လအတွင်း စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှု ၁၀၀ ကျော်ရှိ
DVB
·
February 12, 2014
၆ လအတွင်း စစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှု ၁၀၀ ကျော်ရှိ
Donate to DVB

ပြီးခဲ့တဲ့နှစ် ဒုတိယခြောက်လပတ်အတွင်း မြန်မာ့တပ်မတော်က လူ့အခွင်ရေး ချိုးဖောက်မှုပေါင်း ၁၀၀ ကျော်ကို ကျူးလွန်ခဲ့တယ်လို့ မြန်မာလူ့အခွင့်အရေးကွန်ရက်တခုက အစီရင်ခံစာထုတ်ပြန်လိုက်ပါတယ်။

ဦးသိန်းစိန်အစိုးရ လက်ထက်တွင် စစ်တပ်မှ လူ့အခွင့်အရေးချိုးဖောက်မှု ၁၀၀ ကျော်ရှိတယ်လို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် (မြန်မာနိုင်ငံ) (ND Burma) က ဖေဖော်ဝါရီ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။

[caption id="attachment_51617" align="alignright" width="450"]ပေါ်တာအဖြစ် ခိုင်းစေခံရသူများ (၂၀၁၁ ခုနှစ် ဇန်န၀ါရီ၊ ကရင်ပြည်နယ်အတွင်းတနေရာ) ပေါ်တာအဖြစ် ခိုင်းစေခံရသူများ (၂၀၁၁ ခုနှစ် ဇန်န၀ါရီ၊ ကရင်ပြည်နယ်အတွင်းတနေရာ)
[/caption]အစီရင်ခံစာမှာ ဒီလူ့အခွင့်အရေးချိုးဖောက်မှုတွေကို ၂၀၁၃ ခုနှစ် ဇူလိုင်လကနေ ဒီဇင်ဘာအထိ ၆ လအတွင်း လက်လှမ်းမီတဲ့ ပြည်နယ်နဲ့တိုင်း ဒေသကြီး ၁၁ ခုမှာ စာရင်းကောက်ခံထားတာ ဖြစ်ပါတယ်။

အခွင့်အရေးချိုးဖောက်မှုတွေထဲမှာ မြေယာသိမ်းဆည်းမှုက အများဆုံးဖြစ်ပြီး ၃၅ ခုရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ညှဉ်းပန်းနှိပ်စက်မှု ၂၀ မှု၊ အတင်းအဓမ္မ အခွန်အကြပ် ကောက်ခံတာ ၁၄ မှုနဲ့ သတ်ဖြတ်မှု ၈ မှု၊ မတရားဖမ်းဆီးမှု၊ အတင်းအဓမ္မခိုင်းစေမှု၊ လူကုန်ကူးမှု၊ အဓမ္မပြုကျင့်မှု တို့အပါဝင် စုစုပေါင်း ၁၀၆ မှုကို တင်ပြထားပါတယ်။

ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေ ရှိနေတာကြောင့် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား ငြိမ်းချမ်းရေးတည်ဆောက်နေတာကို နှောင့်နှေးစေပြီး တဖက်နဲ့ တဖက်အကြား အပြန်အလှန်ယုံကြည်ဖို့ ခက်ခဲစေတယ်လို့လည်း သတိပေးထားပါတယ်။

လူ့အခွင့်အရေးမှတ်တမ်းကွန်ရက် ပြောခွင့်ရသူ လွေးပိုးညိုဝ်းက ခုလိုငြိမ်းချမ်းရေး ဖော်ဆောင်နေတဲ့ ကာလမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတဲ့အတွက် ပြည်သူလူထုက ဘယ်လိုမှ မငြိမ်းချမ်းနိုင်ဘူးဆိုတာ ထောက်ပြချင်တာပါလို့ ပြောပါတယ်။

“မြန်မာပြည် အစိုးရ အခုဆိုရင် မြန်မာပြည်တပြည်လုံးနဲ့ သက်ဆိုင်တဲ့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နေတယ်။ တိုင်းရင်းသားတွေနဲ့လည်း ငြိမ်းချမ်းရေးအတွက် လိုက်လံပြီး စကားပြောနေတာတွေလည်း ရှိတယ်။ ဒါပေမယ့် တကယ့်တကယ်မှာက ငြိမ်းချမ်းရေးလို့ ပြောတဲ့အခါမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အများအပြား ရှိနေတယ်ဆိုရင်တော့ ကျမတို့ ပြည်သူလူထုတွေက ဘယ်လိုမှ မငြိမ်းချမ်းနိုင်ဘူးဆိုတဲ့ အကြောင်းအရာကို ထောက်ပြ ချင်သလို ဒီလိုမျိုး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ရှိနေရင်တော့ ကျမတို့လိုချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ဘယ်လိုနည်းနဲ့မှ သွားနိုင်မှာ မဟုတ်ဘူး။ ဒီလို လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတော့ နှောင့်နှေးစေတာပေါ့။”

သူက ကောက်ယူရရှိထားတဲ့ အချက်အလက်တွေကို သက်ဆိုင်ရာဌာနတွေ၊ နိုင်ငံတော်သမ္မတနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်ကို ပေးပို့သွားမယ်လို့ ပြောပါတယ်။ လူ့အခွင့်ရေးချိုးဖောက်မှုတွေ ထပ်မံ မဖြစ်ပွားအောင်လည်း အစိုးရကို တတ်နိုင်သမျှ ဖိအားပေးသွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့တွေအနေနဲ့ လူ့အခွင့်အရေး မှတ်တမ်းပြုခြင်းလုပ်ငန်းတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ရေးအတွက် လူ့အခွင့်အရေးမှတ်တမ်း ကွန်ရက်-မြန်မာနိုင်ငံ (ND-Burma) ကို ၂၀၀၄ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပြီး ကွန်ရက်အဖွဲ့ဝင် ၁၀ ဖွဲ့ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013