DVB Logo
Home
မြန်မာသတင်း
မတ်ပဲနှင့် ပဲစင်းငုံစျေးနှုန်း ပြန်လည်ကျဆင်း
DVB
·
February 10, 2022
မတ်ပဲနှင့် ပဲစင်းငုံစျေးနှုန်း ပြန်လည်ကျဆင်း
Donate to DVB

မြန်မာ့လယ်ယာထွက်ကုန် ပဲမျိုးစုံထဲမှာ အဓိက ပို့ကုန်တွေဖြစ်တဲ့ မတ်ပဲနဲ့ ပဲစင်းငုံစျေးနှုန်းဟာ သီတင်းပတ် နှစ်ပတ်ကျော်အတွင်း တစ်တန်ကို ကျပ်တစ်သိန်းခွဲကျော်လောက် ဈေးနှုန်း ပြန်လည်ကျဆင်းသွားပါတယ်။

ပြည်တွင်းနယ်ပေါင်းစုံကထွက်ရှိတဲ့ ပဲတွေ စျေးကွက်အတွင်းကို အရေအတွက်များများ ရောက်ရှိနေတာကြောင့် စျေးကျဆင်းလာတဲ့ အခြေအနေဖြစ်ပြီး၊ မြန်မာနိုင်ငံရဲ့ အဓိက၀ယ်လက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံမှာလည်း ပြည်တွင်း၊ပြည်ပပဲအ၀င်များကာ ပဲလိုအပ်ချက် နည်းသွားတာကြောင့် အခုလို စျေးတွေပြန် ကျဆင်းသွားတာ ဖြစ်နိုင်တယ်လို့ ကုန်သည်တွေက သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလ နှောင်းပိုင်းမှာ တစ်တန်ကို ကျပ် ၁၃ သိန်းခွဲ ကျော်ရှိခဲ့တဲ့ မတ်ပဲစျေးဟာ လက်ရှိမှာ ကျပ် ၁၂ သိန်းအောက် ကျဆင်းခဲ့ပြီး ၊ တစ်တန်ကို ကျပ် ၁၄ သိန်းကျော်ရှိခဲ့တဲ့ ပဲစင်းငုံစျေးနှုန်းဟာ အခုအခါ ကျပ် ၁၃ သိန်းအောက်ရောက်တဲ့အထိ ဈေးကကျဆင်းသွားပါတယ်။

လတ်တလောမှာ ကုန်သည်အ၀ယ်ရှိပေမဲ့ အကျကြမ်းတဲ့ ဒီစျေးနှုန်းကြောင့် ရောင်းချမှုနည်းပါးနေတယ်လို့ စျေးကွက်အတွင်းက သိရပါတယ်။

ဒီနေ့ ဖေဖော်၀ါရီ ၉ ရက် ဘုရင့်နောင်ကုန်စည်ဒိုင် စျေးနှုန်းအရ မတ်ပဲ တစ်တန်ကို ကျပ် ၁၁၉၂၀၀၀ ဖြစ်ပြီး၊ ပဲစဉ်းငုံတစ်တန်ကို ကျပ် ၁၂၈၀၀၀၀ ဖြစ်ပါတယ်။ အဲဒီစျေးနှုန်းဟာ ပြီးခဲ့တဲ့နှစ်တွေနဲ့ ယှဥ်ရင် အမြင့်စျေး ဖြစ်ပေမဲ့ သွင်းအားစုနဲ့ကုန်စျေးနှုန်းတွေ အဆမတန်မြင့်တက်နေတဲ့ အခုကာလမှာ တောင်သူတွေအတွက် တွက်ခြေမကိုက်နိုင်ဘူးလို့ ပဲစိုက်တောင်သူတွေက ဆိုပါတယ်။

“ပဲပေါ်ပြီဆိုကျပြီ။ထိပ်စီးပြောင်းလောက်အောင် ကျတာတော့အဆင်မပြေဘူး၊ သွင်းအားစုတွေ၊ ကုန် စျေးနှုန်းစျေးတွေက အဆပေါင်း မနည်းဘူးတက်နေတာ”လို့ ပဲစိုက်တောင်သူတစ်ဦးကပြောပါတယ်။

အိန္ဒိယအစိုးရက ပဲထပ်မံတင်သွင်းခွင့်ပြုမယ်လို့ ထုတ်ပြန်ကြေညာပြီးနောက် ပဲစျေးတွေ မြင့်တက်လာပြီး အခု ပြန်လည်ကျဆင်းလာတာ ဖြစ်ပါတယ်။

အိန္ဒိယအစိုးရက ၂၀၁၇ ခုနှစ်နောက်ပိုင်းက စတင်ပြီး ပြည်ပက ပဲတင်သွင်းမှုကို ခွဲတမ်းစနစ်နဲ့ ပမာဏကန့်သတ်ပြီး တင်သွင်းစေခဲ့ရာကနေ သူ့နိုင်ငံအတွင်း ပဲလိုအပ်ချက်များပြားနေတဲ့ အခြေအနေကြောင့် ခွဲတမ်းစနစ်ကို ပယ်ဖျက်ပေးလိုက်ပြီး မတ်ပဲနဲ့ ပဲစင်းငုံ အကန့်အသတ်မဲ့ လွတ်လပ်စွာ တင်သွင်းခွင့်ပေးခဲ့ကာ နောက်၂၀၂၂ မတ်လ ၃၁ ရက်အထိ ထပ်မံသက်တမ်း တိုးလိုက်ပါတယ်။

တဘက်မှာ အရင်အရပ်သားအစိုးရ လက်ထက်ကတည်းက ညှိနှိုင်းဆောင်ရွက်ခဲ့တဲ့ မြန်မာ− အိန္ဒိယနှစ်နိုင်ငံအကြား GtoG အစီအစဉ်နဲ့ မတ်ပဲနှင့်ပဲစင်းငုံ ရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန် ၁၈ ရက်မှာ နှစ်နိုင်ငံအစိုးရတွေအကြား MOU လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

အဲဒီMOUအရ မြန်မာနိုင်ငံကနေ မတ်ပဲတန်ချိန်နှစ်သိန်းခွဲနဲ့ ပဲစင်းငုံတန်ချိန် တစ်သိန်းတို့ကို ၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ်ကနေစတင်ပြီး ၅ နှစ်တာ နှစ်စဥ် တင်သွင်းခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပဲတင်ပို့သူတွေ အနေနဲ့ MOU အရတင်ပို့မှုအပြင် အိန္ဒိယနိုင်ငံအစိုးရက နှစ်စဉ်ထုတ်ပြန်သည့် နိုင်ငံတကာပဲ Quota နဲ့လည်း တင်ပို့ခွင့်ရရှိမှာဖြစ်ပါတယ်။

အခု ၂၀၂၂ ခုနှစ် နှစ်စပိုင်းကစတင်ပြီး ပြည်တွင်းပဲစျေးတွေ အတက်အကျ ကြမ်းလာခဲ့တာဖြစ်ပေမဲ့ မတ်ပဲ စျေးအနည်းငယ်သာ စျေးဆက်ကျနိုင်တယ်လို့ ကုန်သည်တွေက သုံးသပ်ထားကြပြီး ပဲစင်းငုံကိုတော့ ပြည်တွင်းမှာ လက်ကျန်နည်းနေတဲ့အပြင် အိန္ဒိယနိုင်ငံမှာ အထွက်နှုန်းလျော့ကျနိုင်တဲ့အခြေအနေတွေကြောင့် စျေးပြန်လည် မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းသုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ပြည်ပကို ပဲမျိုးစုံတင်ပို့ရာမှာ ပင်လယ်ရေကြောင်းရော နယ်စပ်ကပါ တင်ပို့နေပြီး၊ အိန္ဒိယ၊ တရုတ်၊ စင်ကာပူ၊ ပါကစ္စတန်၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ယူအေအီး၊ မလေးရှား၊ စတဲ့ နိုင်ငံပေါင်း ၆၀ ၀န်းကျင်ကို  တင်ပို့နေတာပါ။ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ စတဲ့ ပဲအမျိုးအစားသုံးခုကို ပြည်ပကို  အများဆုံး တင်ပို့နေတာဖြစ်ပါတယ်။

အခုဘဏ္ဍာနှစ် ကြားကာလ (Mini Budget) အောက်တိုဘာ ၁ ရက်ကနေ ဇန်နဝါရီ ၂၈ ရက်အထိ ၄ လ ၀န်းကျင်ကာလအတွင်းပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကတစ်ဆင့် ပြည်ပကို ပဲမျိုးစုံတန်ချိန်  ၄၈၆၄၁၃ကျော် တင်ပို့ထားပြီး၊ ပို့ကုန်၀င်ငွေ ဒေါ်လာ ၃၉၀ ဒသမ ၈၉၅ သန်းရရှိထားကြောင်း စစ်ကောင်စီ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013