DVB Logo
Home
Lead Story
ကုန်သွယ်မှုပိုငွေပြတိုင်းကောင်းလား
DVB
·
February 9, 2022
ကုန်သွယ်မှုပိုငွေပြတိုင်းကောင်းလား
Donate to DVB

အခုတလော စကစဘက်က ၂၀၂၀-၂၁ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာသန်း ၆၀၀ ကျော်  ကုန်သွယ်မှုပိုငွေပြတာကို ဂုဏ်ယူဝင့်ကြွားစွာပြောဆိုရေးသားနေတာတွေ့ရတယ်။

တကယ်တော့ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ရင် အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော် ကုန်သွယ်မှုကျဆင်းသွားခဲ့တာဖြစ်ပေမဲ့ ပို့ကုန်က သွင်းကုန်ထက်ပိုလျှံတာကို သူတို့အုပ်ချုပ်စီမံမှုပိုကောင်းလို့ ပိုလျှံသလိုပြောနေတာဖြစ်တယ်။ 

ကုန်သွယ်မှုပိုငွေပြမှု (trade surplus) ဖြစ်တိုင်း တိုင်းပြည်စီးပွားရေးကောင်းတယ်လိုမဆိုလိုပါ။ ကုန်သွယ်မှုကို အပေါ်ယံကြည့် လေ့လာသုံးသပ်လို့မရပါ။ ဂျာမဏီဆိုလျှင် သူရဲ့ current account surplus က ဂျီဒီပီရဲ့ ၈ ရာခိုင်နှုန်းကျော်ရှိခဲ့တယ်။ သူရဲ့ ပို့ကုန်ကဏ္ဍက အင်မတန်အင်အားကောင်းတယ်ဆိုပေမဲ့ တကယ်တမ်းမှာ ဒီလိုကုန်သွယ်မှုပိုငွေအမြဲ ပြနေရတာဟာ အိုမင်းတဲ့လူများလာတာနဲ့   ဒီအသက်အုပ်စုဝင်တွေရဲ့ စုဆောင်းငွေများပြားလာတာကြောင့်လို့ ဆိုတယ်။ နောက်ပြီး နိုင်ငံအတွက်ရေရှည်မှာအကျိုးဖြစ်ထွန်းမယ့် ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံတွေမှာ အစိုးရနဲ့ ပုဂ္ဂလိကရဲ့ ရင်းနှီးမြှုပ်နှံမှု နည်းပါးလို့လို့ ပညာရှင်တွေက ဆိုကြတယ်။

အမေရိကန်နိုင်ငံက ကုန်သွယ်မှုလိုငွေအမြဲပြတယ်။ သွင်းကုန်က ပို့ကုန်ထက်အများကြီး ပိုနေတယ်ဆိုပေမဲ့ အမေရိကန်စားသုံးသူတွေဟာ တရုတ်ကနေ ဈေးသက်သာတဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူသုံးစွဲနိုင်ခြင်းက လူနေမှုအဆင့်အတန်းကို မြင့်မားလာတယ်လို့ ဆိုကြတယ်။ လုပ်အားခ ဝင်ငွေတိုးမလာပေမဲ့ ကုန်ဈေးနှုန်းက တက်မလာတဲ့အပြင်  ကျပင်ကျဆင်းနေတာကြောင့် အောက်ခြေလုပ်သားတွေဟာ သူတို့ရဲ့လူနေမှုအဆင့်အတန်းကို ထိန်းထားနိုင်တယ်လို့ ဆိုကြတယ်။ ကမ္ဘာမှာကို ကုန်ဈေးနှုန်းတွေ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်လောက်ကအထိ မတက်တာဟာ လုပ်အားခသက်သာတဲ့ တရုတ်နဲ့ အရှေ့အာရှနိုင်ငံတွေရဲ့ ပို့ကုန်တွေကြောင့်ဖြစ်တယ်လို့ ဆိုကြတယ်။

တရုတ်နိုင်ငံအတွက်ကော ကုန်သွယ်မှုပိုငွေ အစဉ်အမြဲပြနေတာဟာ ကောင်းတယ်လို့ ဆိုနိုင်မလား။ ကမ္ဘာ့ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်ဖို့ အချိန်ကာလတစ်ခုထိ ကောင်းလျှင်ကောင်းနိုင်ပေမဲ့ ရေရှည်မှာ ပြဿနာတွေ ပေါ်ပေါက်လာတယ်။ တရုတ်ကုန်ပစ္စည်းတွေ ကမ္ဘာ့ဈေးကွက်မှာ ဈေးသက်သာစွာ ရောင်းချနိုင်ဖို့ ယှဉ်ပြိုင်မှုအားကောင်းဘို့ အတိုးနှုန်းကို တရုတ်အစိုးရပေါ်လစီဘဏ်တွေက တမင်တကာလျှော့ချထားရတယ်။ ဒီလိုလုပ်ဆောင်တာဟာ ငွေစုဆောင်းသူ သာမန်ပြည်သူတွေကို ထိခိုက်စေတယ်။ အတိုးမရသလိုဖြစ်နေတော့ ရရှိတဲ့ ဝင်ငွေရဲ့ရာခိုင်နှုန်းများစွာကို စုဆောင်းမှသာ အိမ်ခြံမြေတိုက်ခန်းဝယ်နိုင်မလိုဖြစ်နေလို့ တရုတ်ပြည်သူတွေဟာ စားသုံးမှုပိုင်းမှာ လျှော့ချရတယ်။ ဒီအခါ consumption စားသုံးမှုနည်းတဲ့အတွက် ပြည်တွင်းဈေးကွက်ဟာ သေးနေတယ်။ အထူးသဖြင့် ဝန်ဆောင်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးမှု နှေးကွေးနေတယ်။ တရုတ်အစိုးရဟာ ပြည်တွင်းဝယ်လိုအားနဲ့ စားသုံးမှုကို မြှင့်တင်နေပေမဲ့ ထင်သလောက်ခရီးမရောက်ဖြစ်နေတယ်။ ပို့ကုန်ကို အလွန်အမင်း အားကိုးရတာဟာ ကိုဗစ်-၁၉ လို ကပ်ဘေးတွေဖြစ်လာတဲ့အခါမျိုး အမေရိကန်၊ ဥရောပတိုက်နိုင်ငံတွေ စီးပွားရေးကျဆင်းတဲ့အခါ မိမိနိုင်ငံကိုလည်း အပြင်းအထန် ရိုက်ခတ်လာနိုင်တယ်။ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်သွယ်မှုပိုငွေပြလာရတာဟာလည်း  ရင်းနှီးမြှုပ်နှံမှုတွေ လျှော့ကျသွားလို့ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ နောက်ဆုံးအစီရင်ခံစာမှာဖေါ်ပြထားတယ်။ မြန်မာနိုင်ငံလို လျှပ်စစ်၊ တယ်လီကွန်း၊ လမ်းတံတာ အဘက်ဘက်က အခြေခံအဆောက်အအုံတွေ လိုအပ်နေတဲ့နိုင်ငံမှာ capital investments တွေ လျှော့နည်းသွားတာဟာ တိုင်းပြည်ရဲ့ရေရှည်ဖွံ့ဖြိုးမှုကို ထိခိုက်မှာဖြစ်တယ်။ ပို့ကုန်တွေ တကယ်တိုးမြင့်လာလို့ အလုပ်အကိုင်တွေ မြောက်မြားစွာဖန်တီးနိုင်လို့ ကုန်သွယ်မှုပိုငွေပြတယ်ဆိုရင် ကောင်းတယ်ဆိုနိုင်ပေမဲ့ ကမ္ဘာ့ဘဏ်အစီရင်ခံစာထဲမှာ ဖေါ်ပြထားချက်တွေကတော့ အလုပ်လက်မဲ့ဦးရေတွေ ၁ သန်းကျော်တိုးပွားလာတယ်၊ လူဦးရေရဲ့ ၁၂ သန်းကျော်ဟာ အလယ်အလတ် အာဟာရချို့တဲ့မှုမျိုး အစားအစာမလုံလောက်တာမျိုးဖြစ်မယ်၊ ၁ သန်းကျော်ကတော့ ဆိုးဝါးစွာငတ်မွတ်ခေါင်းပါးမှုကြုံနိုင်တယ်ဆိုထားတယ်။

၂၀၂၂ ခုနှစ်ရဲ့ ဂျီဒီပီတိုးတက်မှုကလည်း ၁ ရာခိုင်နှုန်းဆိုတော့ ဘာမှမပြောပလောက်။ ကျုံ့ဝင်သွားတဲ့ စီးပွားရေးဟာ အခုနှစ်မှာလည်း ကျုံ့တဲ့အတိုင်း ဆက်ရှိနေမယ်ဆိုတာကိုပြောတာဖြစ်တယ်။ ဒီကြားထဲ လျှပ်စစ်မီးတွ ပြတ်တောက်မှုကလည်း စိုးရိမ်စရာဖြစ်လာတယ်လို့ အစီရင်ခံစာမှာဖေါ်ပြထားတော့ ကုန်သွယ်မှုပိုငွေပြတာကို ဘယ်အကြောင်းနဲ့မှ ဂုဏ်ယူစရာ အကြောင်းမရှိပါ။

ခိုင်ဝင်း

မှတ်ချက်။ 

“Winnow the truth from falsehood” ဆိုသည့်စကားရပ်ကို ငယ်စဉ်ကတည်းက အထူးနှစ်သက်မိသည်။ ထိုအသုံးအနှုန်းကို စတင်ဖတ်ရှုခဲ့ရသည်က Oreste Pinto ရေးသားသည့် “Spycatcher” ဆိုသည့် ၄ အုပ်တွဲမှာ ဖြစ်သည်။ ပြည်သူ့ရေးရာမူဝါဒများကို လေ့လာသုံးသပ်ခြင်းဆိုသည်မှာလည်း အမှားများထဲက အမှန်တရားကို ခိုင်လုံသည့် အထောက်အထားများဖြင့် ရှာဖွေခြင်းပင်ဖြစ်သည်ဟု ယူဆမိသဖြင့်လည်း ထိုအသုံးအနှုန်းကို ပိုမို ကြိုက်နှစ်သက်လာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အများပြည်သူနှင့်သက်ဆိုင်သည့် မူဝါဒများချမှတ်ရာတွင် ချက်ခြင်းလက်ငင်း ကောင်းသည်ဆိုးသည်ကို ပြောရန်ခက်ခဲသလို၊ အကျိုးစီးပွားပေါ်အခြေခံ၍ အကျိုးဖြစ်ထွန်း သူများရှိသလို ဆုတ်ယုတ်သူများလည်းရှိသဖြင့် ပြည်သူ့ရေးရာမူဝါဒများကို လေ့လာသုံးသပ်ခြင်းသည် အငြင်းပွားဖွယ်ရာကိစ္စရပ် (contentious issue)ဟုလည်းဆိုနိုင်သည်။

Photo Credit-ဆိပ်ကမ်းအာဏာပိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013