DVB Logo
Home
ကျန်းမာရေး
သားသား မီးမီးတွေကို Omicron ကနေ ဘယ်လို ကာကွယ်ကြမလဲ
DVB
·
February 8, 2022
သားသား မီးမီးတွေကို Omicron ကနေ ဘယ်လို ကာကွယ်ကြမလဲ
Donate to DVB

ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ကိုဗစ်ရဲ့ အခုနောက်ဆုံး မျိုးဗီဇ ပြောင်းလဲထားတဲ့ Omicron မျိုးစိတ်က ပြန့်နှံ့နေပါတယ်။ သူ့ရှေ့က ထွက်ရှိခဲ့တဲ့ မျိုးစိတ်တွေတုန်းကလည်း လူကြီးတွေရော ကလေးတွေမှာပါ ကူးစက်မှုတွေ ရှိခဲ့ပါတယ်။

လူကြီး နဲ့ ကလေးတွေရဲ့ ကိုယ်ခံအား တုံ့ပြန်ပုံချင်း ကွာခြားတာကြောင့် လက္ခဏာ ခံစားရတာတွေ။ ရောဂါ ပြင်းထန်မှုတွေ ကွာခြားတာတော့ ရှိတာပေါ့။ ဒါဆို မိဘတွေအနေနဲ့ မေးစရာ ရှိနေနိုင်တာက အခုနောက်ဆုံး ထွက်ရှိလာတဲ့ Omicron မျိုးစိတ်ကရော ကလေးတွေကို ကူးစက်နိုင်လား….. ကူးစက်ခံရရင်ရော ပိုပြီး ပြင်းထန်နိုင်လား။ ဆိုတာတွေ ဖြစ်မယ် ထင်ပါတယ်။

သားသားမီးမီးတွေကို ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်ရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ ဗီဇပြောင်း မျိုးစိတ် Omicron အန္တရာယ်ကနေ ဘယ်လို ကာကွယ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။

Omicron variant ဆိုတာ ဘာလဲ ….

သားသားမီးမီးတွေကို Omicron ကနေ ဘယ်လို ကာကွယ်ကြမလဲဆိုတာကို မပြောခင်မှာ Omicron အကြောင်းကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။

Omicron variant ဆိုတာ မျိုးဗီဇ ပြောင်းလဲမှုတွေ အဆင့်ဆင့် လုပ်ဆောင်ထားတဲ့ ကိုဗစ် မျိုးစိတ်သစ် တစ်မျိုးပါ။ တောင်အာဖရိက ဒေသတွေမှာ စတင် တွေ့ရှိခဲ့တာဖြစ်ပြီး အခုထိ တွေ့ရှိခဲ့သမျှ ကိုဗစ် ဗိုင်းရပ်စ် မျိုးစိတ်တွေထဲမှာ မျိုးဗီဇ အများဆုံး ပြောင်းလဲထားတဲ့ မျိုးစိတ် တစ်ရပ်ပါ။

Alpha မျိုးစိတ်၊ Delta မျိုးစိတ်တွေတုန်းကတောင် မျိုးဗီဇ ပြောင်းလဲမှုက ၂ ကြိမ် ကနေ ၃ ကြိမ်လောက်သာ လုပ်ဆောင်ထားတာပါ။ အခု အသစ်တွေ့ရှိတဲ့ ကိုဗစ် မျိုးစိတ်က Spike protein အမျိုး ၃၀ ကျော်မှာ ဗီဇ ပြောင်းလဲမှု အကြိမ် ၅၀ လောက် လုပ်ဆောင်ထားတဲ့ coronavirus မျိုးစိတ် B.1.1.529 ပါ။

Alpha၊ Delta၊ Gamma မျိုးစိတ်တွေ နောက်မှ ထွက်ရှိလာတဲ့ မျိုးစိတ် တစ်ရပ်ပါ။ အခုတွေ့ရှိတဲ့ ကိုဗစ် မျိုးစိတ်သစ်က ပုံမှန်တွေ့ရှိနေကျ မျိုးဗီဇ ပြောင်းလဲမှုတွေနဲ့ မတူသလို အခြား ဗိုင်းရပ်စ် မျိုးစိတ်တွေနဲ့လည်း အတော် ကွဲပြားနေပါတယ်။ ကိုယ်ခံအားဆဲလ်တွေကို အကောင်းဆုံး ရှောင်တိမ်းနိုင်ဖွယ် ရှိပါတယ်။

Omicron variant က ကလေးတွေကို ကူးစက်နိုင်လား …….

ဒီအဖြေကို တိတိကျကျ မသိရသေးပေမယ့် ဒီဗိုင်းရပ်စ်ကလည်း ကိုဗစ်ဗိုင်းရပ်စ် အမျိုးအစား ဖြစ်တာကြောင့် ကလေးတွေကို ကူးစက်နိုင်ခြေ ရှိပါတယ်။ ဒါကြောင့် ကလေးတွေကို အတတ်နိုင်ဆုံး ကာကွယ်ထားတာကတော့ အကောင်းဆုံးပါ။

Omicron variant က ပိုပြင်းထန်လား ……..

ဒီအဖြေကိုလည်း တိတိကျကျ မသိရသေးပါဘူး။ အခုထိ အဖြေရှာနေဆဲပါ။ ဗီဇပြောင်းလဲမှု များစွာ လုပ်ဆောင်ထားတာကြောင့် အတိအကျ သိရဖို့ လေ့လာမှုတွေ လုပ်ဆောင်နေပါတယ်။

ပိုပြီး ကူးစက်လွယ်လား ……..

ဒီမေးခွန်အတွက် အဖြေကလည်း အပေါ်မှာ ပြောခဲ့သလိုပဲ အတိအကျ ပြောနိုင်ဖို့ ခက်ပါတယ်။ ကူးစက်နှုန်း ပိုမြန်လားဆိုတာကို သေသေချာချာ သိရှိဖို့ အချိန် ၂ ပတ်လောက်တော့ စောင့်ကြည့်လေ့လာရဦးမှာပါ။

ကလေးတွေမှာ ပိုပြီး လွယ်လွယ်ကူကူ ကူးစက်နိုင်လား …….

ဒီဗိုင်းရပ်စ်က မျိုးဗီဇ ပြောင်းလဲမှု များစွာ လုပ်ထားတဲ့အတွက် လူကြီး ကိုယ်ခံအားကိုတောင် ကောင်းကောင်း ရှောင်တိမ်းနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအား ဖွံ့ဖြိုးဆဲ ဖြစ်တဲ့ ဘေဘီလေးတွေမှာဆိုရင် ရောဂါ ကူးစက်နိုင်ခြေက ပုံမှန်ထက် ပိုများနေနိုင်ပြီး ကိုယ်ခံအားက ခုခံနိုင်စွမ်းလည်း နည်းနိုင်ပါတယ်လို့ သုတေသီတွေက မှတ်ချက်ပြုထားကြပါတယ်။ ပိုတိကျအောင်တော့ ဆက်လက်လေ့လာရဦးမှာ ဖြစ်ပါတယ်။

သားသားမီးမီးတွေကို Omicron ကနေ ဘယ်လို ကာကွယ်ကြမလဲ ……..

သားသားမီးမီးတွေကို Omicron ကနေ ဘယ်လို ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ ဗိုင်းရပ်စ်နဲ့ ထိတွေ့မှုကို လျှော့ချဖို့ပါ။ ဒီတော့ Omicron ကူးစက်ခံရတာမျိုး မဖြစ်စေဖို့ဆိုရင် ဒီအချက်လေးတွေကို သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။

  • ပါးစပ်နဲ့နှာခေါင်းကို ပါးစပ်နဲ့နှာခေါင်းစည်း သေချာတပ်ဆင်ပြီး ကာကွယ်ပါ။
  • မတ်ခ် ချွတ်ပြီးတိုင်း၊ အပြင်က ပြန်လာတိုင်း၊ အရာဝတ္ထု တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို ရေနဲ့ဆပ်ပြာသုံးပြီး သေချာ သန့်စင်ပါ။
  • လူစုလူဝေး ရှောင်ပါ
  • လေဝင်လေထွက် မကောင်းတဲ့နေရာတွေကို ရှောင်ပါ။
  • တံခါးတွေ၊ ပြတင်းပေါက်တွေကို ဖွင့်ထားပါ။
  • လေဝင်လေထွက် ကောင်းအောင် ဂရုစိုက်ပါ။
  • လက်ကို မကြာခဏ ဆေးကြောပေးပါ
  • အိပ်ရေးဝဝအိပ်ဖြစ်အောင် ဂရုစိုက်ပါ။
  • ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ခိုင်းပါ။
  • အာဟာရပြည့်ဝမျှတအောင် ကျွေးပါ။
  • ကာကွယ်ဆေး ထိုးလို့ရတဲ့ အသက်အရွယ်ရပြီဆိုရင် ကာကွယ်ဆေး ထိုးပေးထားပါ။

အခုပြောခဲ့တဲ့ အချက်လေးတွေကို သေချာ ဂရုစိုက် လုပ်ဆောင်ပေးပြီး သားသားမီးမီးတွေကို Omicron ကနေ ကာကွယ်ပေးလိုက်ပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013