
ဂျာမနီ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ရေးကိစ္စအပါအ၀င် အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေမှာလည်း ပိုမိုပူးပေါင်းဆောင်ရွက်သွားဖို့ နှစ်နိုင်ငံ စီးပွားအသင်း အဖွဲ့အကြားမှာ သဘောတူနားလည်မှု စာချုပ်ကို မနေ့က ရန်ကုန်မှာ ချုပ်ဆိုခဲ့ပါတယ်။
ဂျာမနီကုန်သည်စက်မှုအသင်းချုပ် (ဒီအိုင်အိတ်ခ်ျကေ) ဥက္ကဋ္ဌ ပရော်ဖက်ဆာ ဒေါက်တာ လုဒ်ဝစ်ဂ် ဂျော့စ် ဘရွန့် (Prof. Dr. Ludwig Georg Braun) ဦးဆောင်တဲ့ ဂျာမနီ စီးပွားရေးလုပ်ငန်းရှင် ၁၆၀ ဦးပါတဲ့ ကိုယ်စားလှယ်အဖွဲ့က နှစ်ပေါင်း ၃၀ ကျော်အကြာမှာ မြန်မာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံပြီး ဂျာမနီ-မြန်မာ စီးပွားရေးဖိုရမ်ကို ဒီကနေ့ ရန်ကုန်မှာ ပြုလုပ်ခဲ့တာပါ။
ဒီတွေ့ဆုံဆွေးနွေးမှုအပြီးမှာ ဂျာမနီကုန်သည်စက်မှုအသင်းချုပ် (ဒီအိုင်အိတ်ခ်ျကေ)နဲ့ မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် (ယူအမ်အက်ဖ်စီစီအိုင်) တို့အကြား နှစ်နိုင်ငံ ကုန်သွယ်မှု တိုးမြှင့်ရေးနဲ့ အသေးစားနဲ့ အလတ်စားစက်မှုလုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်သွားဖို့ သဘောတူ နားလည်မှုစာချုပ်ကို ရေးထိုးခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ဂျာမနီ-မြန်မာ နှစ်နိုင်ငံအကြား ချုပ်ဆိုခဲ့တဲ့ သဘောတူစာချုပ်မှာ ဂျာမနီနိုင်ငံဆီကနေ အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ အကူအညီတွေ ရရှိရေးအတွက် အဓိကလက်မှတ်ရေးထိုးတာလို့ ကုန်သည်အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် စက်မှုဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံဖြစ်တဲ့ ဂျာမနီရဲ့ အကူအညီကို ယူပြီးလုပ်မှ လာမယ့် ၂၀၁၅ ခုနှစ်မှာ အကောင်အထည် ပေါ်လာမယ့် အာဆီယံစီးပွားရေး အသိုက်အ၀န်း (အေအီးစီ) ကို အမီလိုက်နိုင်မယ်လို့ သူက ပြောပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံမှာ ရှိတဲ့ အသေးစားနဲ့ အလတ်စားစက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုး တိုးတက်လာဖို့အတွက် ဂျာမနီနိုင်ငံက အသေးစားနဲ့ အလတ်စားစက်မှုလုပ်ငန်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ဦးဇော်မင်းဝင်းက ပြောပါတယ်။
ဒါ့အပြင် ဂျာမနီနဲ့ မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေးအရ ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ဂျာမန် စက်မှုနဲ့ ကုန်သည်အသင်း (German Industry and Commerce)ရဲ့ မြန်မာပြည်ရုံးခွဲကို ဂျာမနီသမ္မတ မစ္စတာ ဂျိုဝါချင် ဂေါက်ခ် (Mr Joachim Gauck) ကိုယ်တိုင် ဒီကနေ့ အခမ်းအနားမှာ ဖွင့်လှစ်ပေးခဲ့ပါတယ်။
ဂျာမနီကုန်သည်စက်မှုအသင်းချုပ် (ဒီအိုင်အိတ်ခ်ျကေ) ဥက္ကဋ္ဌ ပရော်ဖက်ဆာ ဒေါက်တာ လုဒ်ဝစ်ဂ် ဂျော့စ်ဘရွန့် က ဂျာမန်စီးပွားရေးလုပ်ငန်းရှင်တွေက ဒေသတွင်းနဲ့ တကမ္ဘာလုံးဆိုင်ရာ တန်ဖိုးချိတ်ဆက်မှုမှာ မြန်မာနိုင်ငံ ပါဝင်လာရေးအတွက် အကူအညီပေးသွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီကိုယ်စားလှယ်ရုံးအနေနဲ့ ဂျာမန်စီးပွားရေးလုပ်ငန်းအားလုံးကို ခြုံငုံမိပြီး အင်တိုက်အားတိုက် ကိုယ်စားပြု လုပ်ဆောင်သွားမှာပါ။ ဒါကြောင့် မြန်မာနိုင်ငံမှာ အမြဲမပြတ် ဆက်လက်တိုးတက်ဖွံ့ဖြိုးဖို့အတွက် တိကျတဲ့ အကျိုးပြုမှုတွေကို လုပ်ဆောင်သွားမှာ ဖြစ်တဲ့ အကြောင်း ဒီအခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။
ဂျာမနီနဲ့ မြန်မာ နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုက ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ်မှာ ယူရို ၁၆၈ သန်း ရှိခဲ့တယ်လို့ ဂျာမန် စက်မှုနဲ့ ကုန်သည်အသင်းရဲ့ စာရင်းတွေအရ သိရပါတယ်။
အသံဖိုင်နားဆင်ရန်











