Home
မြန်မာသတင်း
ကသာနှင့်ကလေးတွင် တိုက်ပွဲဖြစ်ပွား၊ စစ်ကောင်စီတပ်က အများအပြား သေဆုံးဒဏ်ရာရ
DVB
·
February 7, 2022

စစ်ကိုင်းတိုင်း ကသာမြို့နယ်နဲ့ ကလေးမြို့နယ်မှာ ဖေဖော်ဝါရီ ၆ ရက်နေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီတပ်သားတွေ အများအပြား သေဆုံးဒဏ်ရာရခဲ့ကြတယ်လို့ သိရပါတယ်။

ကလေးမြို့နယ် တပ်သားရွာကို ဦးတည်ပြီး အပြစ်မဲ့ပြည်သူတွေ ထိခိုက်အောင် အဝေးပစ်လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကို လက်တုံ့ပြန်တဲ့အနေနဲ့ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီစစ်ကြောင်းကို ဖေဖော်ဝါရီ ၆ ရက်နေ့က မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၂၀ လောက် သေဆုံးသွားတယ်လို့ ကလေး PDF က ထုတ်ပြန်ပါတယ်။

ကလေးမြို့နယ်တောင်ပိုင်း ကြံသာရွာနဲ့ ဟံသာဝတီရွာတို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၆ ရက်နေ့ မနက် ၉ နာရီကနေ ၁၁ နာရီလောက်အထိ တပ်သားရွာကိုဦးတည်ပြီး အဝေးပစ်အမြောက်လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဲလိုစစ်ကောင်စီတပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် တပ်သားရွာက အသက် ၉ နှစ်အရွယ် ကလေးအပါအဝင် အပြစ်မဲ့ပြည်သူ ၁၀ ဦး ဒဏ်ရာရခဲ့ပြီး ၄ ဦး ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။

လက်နက်ကြီး ပစ်ခတ်ခံရတာကြောင့် တပ်သားရွာက လူနေအိမ် ၅ လုံး ထိမှန်မီးလောင်ခဲ့ပြီး တပ်သားရွာ၊ အောင်မင်္ဂလာရွာ၊ မှန်တောရွာ၊ ရှားဖိုရွာ၊ ကျောက်ဖူးရွာ စတဲ့ကျေးရွာတွေက ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြရတယ်လို့ သိရပါတယ်။

အဲဒီလို အပြစ်မဲ့ပြည်သူတွေကိုထိခိုက်အောင် လက်နက်ကြီးနဲ့ပစ်ခတ်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ ကလေး PDF က စစ်ကောင်စီစစ်ကြောင်းကို  မိုင်းနှစ်ကြိမ်ခွဲ တိုက်ခိုက်ခဲ့တာလို့ ကလေး PDF က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေပိုင်းမှာ ကလေးနည်းပညာတက္ကသိုလ်ဘက်ကနေ ကလေးမြို့ဘက်ကို ဦးတည်လာတဲ့ အင်အား ၆၀ လောက်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဇင်းကလင်းရွာနဲ့ ချင်းဆိုင်ရွာကြားမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၅ ဦးလောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

မိုင်းစထိမှန်ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေကို ကလေးမြို့စစ်ဆေးရုံ ပို့ဆောင်ကုသရာမှာ ၅ ဦး ထပ်မံသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၃ ရက်နေ့ မနက် ၆ နာရီလောက်ကလည်း ကြံသာရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ၂ နာရီလောက်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အဲဒီနေ့ည ၁၀ နာရီလောက်မှာလည်း ကလေးမြို့ကနေတောင်ပိုင်းကို ဦးတည်မောင်းနှင်လာတဲ့ စစ်ကောင်စီကားကို ချင်းဆိုင်ရွာနဲ့ဇင်းကလင်းရွာကြားမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှကြာပေါ်ပါတဲ့ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ ကလေးPDF က ထုတ်ပြန်ထားပါတယ်။

ကလေးမြို့နယ်တောင်ပိုင်းမှာ စစ်ရေးအခြေအနေတင်းမာနေတာကြောင့် ကလေး -ဂန့်ဂေါလမ်းမကြီးကို ပြည်သူတွေ မသွားလာကြဖို့ ကလေး PDF က သတိပေးထားပါတယ်။

ကသာမြို့နယ်မှာလည်း ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ဖေဖော်ဝါရီ ၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ Katha Revolution က ထုတ်ပြန်ထားပါတယ်။

ကသာမြို့နယ် မှတ်တိုင်ကျေးရွာအုပ်စု၊ နမ့်စမ်းရွာအောက်ဘက် အနီးက တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း (၄၅၁) စစ်ကောင်စီတပ်နဲ့ ကသာ (PDF)၊ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ-က-ဖ)၊ မြို့လှ PDF ပူးပေါင်းတပ်ဖွဲ့တို့ ဖေဖော်ဝါရီ ၆ ရက်နေ့ မနက် ၉ နာရီကနေ မွန်းတည့် ၁၂ နာရီခန့်အထိ ၃ နာရီလောက်ကြာ တိုက်ပွဲဖြစ်ခဲ့တာပါ။

အင်အား ၈၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ကို ဒေသခံပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဟာ နမ့်စမ်းရွာမြီးမှာရှိတဲ့ သရှုက်ခြံနဲ့ လယ်ပြင်တောစပ်ကနေ လက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ 

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီး အလုံး ၅၀ ထက်အနည်း ပစ်ခတ်ခဲ့တာကြေင့် ကျေးရွာနေ ဒေသခံပြည်သူတွေဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ မြို့လှ PDF က ဆိုပါတယ်။

တိုက်ပွဲမှာ အနီးကပ်ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ၁၆ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တာတာလို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ခြေတောက်နဲ့တင်ပါးမှာ ဒဏ်ရာရရှိခဲ့တဲ့ ရဲဘော် ၂ ဦး ကိုတော့ ကသာထောက်ပို့အဖွဲ့က ကယ်ထုတ်နိုင်ခဲ့ပြီး ဆေးဝါးကုသပေးခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၅ ရက်နေ့ နေ့လယ်ပိုင်းကလည်း ကသာမြို့ ဝေပေါင်တောရကျောင်းဘက်ကနေ နမ့်စမ်းရွာဘက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီဘက်က အများအပြားသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဲဒီတိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦးလက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်က ရွာထဲကို ရမ်းသမ်းပစ်ခတ်တာကြောင့် နမ့်စမ်းကျေးရွာက လူ ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Katha Revolution အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီ ၆ ရက်နေ့က ကသာမြို့နဲ့ ကလေးမြို့နယ်တို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024