DVB Logo
Home
Lead Story
အာဝါဒေး
DVB
·
February 5, 2022
အာဝါဒေး
Donate to DVB

လေရှီးကဖေကြီးလည်း မြို့ပေါ်မနေရတာ ကြာပါပြီ။ နွေဦးစကတည်းက မြို့ကို စွန့်ခွာလာခဲ့ရပြီး တောဘက်မှာ တစ်ရွာပြီးတစ်ရွာ ရွှေ့ပြောင်းသွားလာနေထိုင်ရတာ ကြာပေါ့။ ရွာတွေ မနည်းတော့ဘူး။ တချို့ရွာတွေမှာ လေးငါးဆယ်ရက်၊ အချို့ရွာတွေမှာ လေးငါး ဆယ်ပတ်၊ အချို့ရွာတွေမှာ သုံးလေးငါးလပေါ့ဗျာ။

မည်သို့ပင်ဆိုစေကာမူ မြို့ပေါ်က ကိုယ့်အိမ်ကိုယ့်ရာနဲ့ဝေးခဲ့တာ ဘာလိုလိုနဲ့ ၁ နှစ်တောင်မှ ပြည့်တော့မယ်။ မြို့ကို လွမ်းတယ်။ အိမ်ကို လွမ်းတယ်။ ဘယ်လကျမှ ဘယ်ရက်ကျမှ အိမ်ကို ပြန်ရောက်မှာလဲ။

လက်ရှိ ခိုနားနေတဲ့ရွာလေးမှာ နေပျော်အောင် ကြိုးစားရှင်သန်နေထိုင်နေတယ်။ ရပ်ရေး ရွာရေးတွေကို ကူညီလုပ်ကိုင်နေဖြစ်တယ်။ တောရွာလေးဟာ တောမြို့လေးနဲ့ ၉ မိုင်လောက် ဝေးတယ်။ အဲသည် တောမြို့ကလေးကိုတောင်မှ မသွားဖြစ်ပါဘူး။

ရွာထဲက နားခိုရာအိမ်ကလေးမှာပဲ နေ့နေ့ ညည ရှိနေတယ်။ ဒီနေ့တော့ ရွာထဲက စောဆာကီးလားက မြို့ကလေးနဲ့ကပ်ရက် ရွာမှာ ထန်းရည် ရပြီတဲ့။ အဲသည်ရွာကိုသွားမလို့ လိုက်ခဲ့ပါလို့ ခေါ်နေတာနဲ့ အစီအစဉ်မရှိဘဲ သူ့ဆိုင်ကယ်နောက်ကနေ ထိုင်ပြီး လိုက်သွားဖြစ်တယ်။

အဲသည်ရွာကလေးဟာ တောမြို့လေးနဲ့ဆို ၁ မိုင်လောက်ပဲ ဝေးတော့တယ်။ တောမြို့ကလေးဟာ စတိုးဆိုင်နဲ့၊ ဘီယာဆိုင်နဲ့၊ တွဲဘက်အထက်တန်းကျောင်းနဲ့၊ ၂၅ ခုတင်ဆံ့ ဆေးရုံနဲ့၊ ရဲစခန်းနဲ့ ဘာနဲ့ တဲ့။

ထန်းရည်ရပြီဆိုတဲ့ ရွာကလေးမှာ ပေါ်ခါစဆိုတော့ နည်းနည်းပဲရတယ်။ တစ်ပုလင်းစီပဲ ကိုတာ ရတယ်။ ရတဲ့ထန်းရည်လေး ငုံရင်း ဆိုင်ရှေ့ကနေ လူတွေ တစ်သုတ်ပြီး တစ်သုတ် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ခြေကျင်တွေရော၊ ဆိုင်ကယ်တွေရော၊ ကားတွေနဲ့ပါ ဖြတ်ဖြတ်သွားနေကြတာ မြင်တော့ မေးကြည့်မိတယ်။

“လူတွေ များလှချည်လားဗျ”

“ဆရာကြီးကို ကျနော် လိုက်ပို့ပေးမယ်”

ရွာရဲ့မြောက်ဘက် ၃ ဖာလုံလောက်၊ မြို့ကလေးဘက်ကဆို ၅ ဖာလုံလောက်က ကွင်းပြင်ကျယ်ကြီးထဲမှာ ရှိတဲ့ သရက်ပင် လေး ငါးပင် စုစု စုစု နေရာကို လူတွေ ချီတက်နေကြတာ။ ချောင်းငယ်ကလေးဘေး သရက်ပင်အရိပ် မြေကွက်လပ်ကြီးလည်း ရောက်ရော တွေ့ရပါတော့တယ်။

ကြက်ဝိုင်း

ဖဲဝိုင်း

အံစာတုံးဝိုင်း

ဂျုံးဂျုံးကျဝိုင်း

လေးကောင်ဂျင်ဝိုင်း

အရက်ဝိုင်း

ရွာနီးချုပ်စပ်ကကော မြို့ကလေးပေါ်ကကော လာတဲ့လူတွေ အားလုံးပေါင်းရင် အယောက် ၂၀၀ လောက်ရှိတယ်။ ဖဲကစားတဲ့ လူတွေနဲ့၊ ဂျင်ထိုးတဲ့လူတွေနဲ့၊ အရက်ဝိုင်းတွေနဲ့၊ ကြက်ဝိုင်းကတော့ အကြီးဆုံးပေါ့ ။ 

လောင်းကြေးငွေတွေနဲ့ ဆူညံအော်ဟစ်မြူး ရွှင်နေကြတာ ဘုရားပွဲကြီးလိုပါပဲ။

ထူးခြားတာက အဲသည်လို လူအယောက် ၂၀၀ လောက်ဟာ ဘာ’Mask’မှကို တပ်မထားဘူး ခင်ဗျ။ ဒီနယ်မြေမှာ “ကိုဗစ်”မရှိဘူး ထင်ပါရဲ့။

နောက်ထပ် ပိုပြီးထူးခြားတာက ရဲစခန်းနဲ့ တစ်ခေါ်လောက်ပဲရှိတော့တဲ့ နေရာ။ ခဲတစ်ပစ်လောက်ပဲ ရှိတဲ့နေရာ။ သေနတ်တစ်ကမ်းလောက်ပဲ ရှိတဲ့နေရာ။ ဘယ်လိုလုပ်ပြီး ဒီခေတ်ကြီးမှာ ဒီလောက် ကြီးမားတဲ့ လောင်းကစားဝိုင်းကြီးတွေကို လွတ်လွတ်လပ်လပ် ကျင်းပနေတာလဲပေါ့။

“ဟာဗျာ... ဆရာကြီးကလည်း ‘သူတို့’ကိုယ်တိုင် လွှတ်ပေးထားတာဗျ။ ရွာသူရွာသားတွေ ဟောသည်ဘက်မှာ အရက်တွေ၊ မူးယစ်ဆေးဝါးတွေ လောင်းကစားတွေထဲကို အာရုံနစ်သထက် နစ်အောင် အကွက်ချ ဖန်တီးနေတာပေါ့ဗျ။ ဘယ်ကောင်မှ လာမဖမ်းဘူး . . . စိတ်ချ”

စနေ၊ တနင်္ဂနွေ အပတ်တိုင်း အပတ်တိုင်း ဤကဲ့သို့ စည်ကားသိုက်မြိုက်စွာ လွတ်လွတ်လပ်လပ်ကြီးကို လောင်းကစားနိုင်ပါကြောင်း သိရပါပေ၏။

“ဒါကို ဒီဘက်မှာတော့ ‘အာဝါဒေး’ လို့ပဲ ခေါ်ကြတယ်လေ ... ဟားဟားဟား ဟားဟားဟား . . . “

“အာဝါဒေး” ဆိုတာ ‘Our Day’ ဖြစ်မှာပေါ့။ ‘ငါတို့နေ့’ ပေါ့ဗျာ။ ငါတို့နေ့မှာ ငါတို့ လွတ်လွတ်လပ်လပ်ကြီး ကြိုက်သလိုကို ပျော်ကြပါးကြမယ်ပေါ့။ တကယ်လည်း ဘယ်သူမှ လာတားတာ မတွေ့ရပါဘူး။

သောက်လိုက်ကြ၊ ရှူလိုက်ကြ၊ ထိုးလိုက်ကြ၊ ရိုက်လိုက်ကြ၊ တိုက်လိုက်ကြနဲ့ အရာရာကို မေ့လျော့နေအောင် စနစ်တကျ နှပ်ကြောင်းပေး ပုံဖော်ဖန်တီးထားပုံပါပဲ။

တကယ်တော့ ‘အာဝါဒေး’ဆိုတာ ‘ငါတို့နေ့’တွေမဟုတ်ဘဲ ‘သူတို့နေ့’တွေ ဖြစ်အောင် အစွမ်းကုန် လွတ်လပ်ခွင့်ပေးပြီး အရောက် ‘တွန်းပို့’နေတာတော့ အမှန်ပေါ့ ခင်ဗျာ။

“ငါတို့နေ့တွေ”မှာ ယစ်မူးသွားခဲ့ရင် “သူတို့နေ့တွေ” ရှည်လျားသွားမယ် ဆိုတာကိုတော့ သဘောပေါက်စေချင်ပါတယ် ခင်ဗျာ။        ။

ဖေကြီး(လေရှီး)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013