DVB Logo
Home
မြန်မာသတင်း
ရွှေတောင်မြို့နယ် ကျောက်ထရံကျေးရွာကို စစ်တပ်က အတင်းအကျပ်ဖယ်ခိုင်း
DVB
·
February 4, 2022
ရွှေတောင်မြို့နယ် ကျောက်ထရံကျေးရွာကို စစ်တပ်က အတင်းအကျပ်ဖယ်ခိုင်း
Donate to DVB

   ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ် မဲတောအုပ်စု၊  ကျောက်ထရံကျေးရွာကို ဒေသခံ ၅၀၉  အမြောက်တပ်က တပ်ပိုင်မြေလို့ သတ်မှတ်ပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး ရွာကနေဖယ်ခိုင်းနေတာကြောင့် ကျေးရွာကအိမ်တချို့ ဖျက်နေရတယ်လို့ ရွှေတောင်မြို့ခံတယောက်က ပြောပါတယ်။

     “ကျမက ဒီမှာပဲမွေးတာ၊ အခုအသက်က ၈၀ ကျော်နေပြီ။ စစ်တပ်က ၁၉၉၁ ခုနှစ်ကျမှ ကျမတို့ရွာဘေးကို ရောက်လာတာ၊ အရင်ကသူတို့မရှိပါဘူး။ သူတို့ရောက်လာပြီး ၁၉၉၂ မှာ  သူတို့က အကုန်လုံး သူတို့ပိုင်တယ်ဆိုပြီး ရွာလူကြီးတွေကိုခေါ်ပြောတယ်။ နောက် ကျမတို့ကို သီးစားပြန်ချပေးပါတယ်။ နောက် NLD အစိုးရလက်ထက်မှာတော့ လူကြီးတွေလုပ်ပေးလို့ သီးစားခလည်း မပေးရတော့ဘူး၊ ကိုယ့်မြေကို ကိုယ်လုပ်စားနေကြတာ အခုတော့ အပြီးနှင်နေပြီ။ လုပ်စားမြေကော၊ နေစရာကောမရှိပါဘူး၊ နေရာအစားလဲပြန်မပေးပါဘူး” လို့ ဒေသခံ အဘွားအိုတဦးက ပြောပါတယ်။

ဒေသခံတောင်သူတယောက်က “အရင်စစ်အစိုးရနဲ့ ဦးသိန်းစိန်အစိုးရလက်ထက်တုန်းကလည်း ဒေသခံရွာသားတွေကို ပိုင်နက်ကျိူးလွန်မှု၊ အကျိုးဖျက်ဆီးမှုတွေနဲ့ အမှုဖွင့်အရေးယူခံရတာတွေလည်း ခံခဲ့ရပြီး ထောင်ချခံရတာတွေလည်းခံရတယ်။ အခုကတော့ စစ်တပ်ကဖြစ်နေတော့ ဘယ်သူမှ မပြောရဲဘူး ဖယ်ရုံပဲရှိတာပေါ့” လို့ ပြောပါတယ်။

အခုနေရာက ရွှေတောင်မြို့ကနေ ၇ မိုင်ခန့်အကွာ ရန်ကုန်မြို့ဘက်အထွက်က ကျေးရွာဖြစ်ပြီး စစ်တပ်က ဖယ်ရှားခိုင်းတဲ့ မြေဧကပေါင်း ၁၈၉၀၀ ကျော်ရှိကာ၊ ရွေတောင်က ၈၀၀၀ ကျော်နဲ့ သဲကုန်းမြို့နယ်ထဲမှာ ၁၉၀၀၀ နီးပါး ပါတယ်လို့ ဆိုပါတယ်။

အဲ့ဒိနေရာတွေကို န၀တ အစိုးရခေတ်က တပ်မြေအဖြစ် သတ်မှတ်ထားတာဖြစ်ပြီး  ပုံစံ ၇ ရှိသူ ဒေသခံတောင်သူတွေ  ၅၀ လောက် ရှိပေမယ့် ဒီမြေရဲ့ စည်မံခန့်ခွဲမှုက စစ်တပ်အောက်မှာပဲ ရှိတယ်လို့ မြေစာရင်းဌာနက အမည်မဖော်လိုသူ ၀န်ထမ်းတယောက်က ပြောပါတယ်။

အဲ့ဒီရွာဟာ ပြောင်း၊ ပဲ၊ နှမ်း၊ ကြက်သွန်နဲ့ ရာသီပေါ်သီးနှံတွေ အစုံစိုက်ပျိုးကြပြီး အိမ်ခြေ  ၉၈ လုံး ရှိပါတယ်။ အခုစစ်တပ်ရဲ့အမိန့်ကြောင့် အိမ် ၁၆ လုံးလောက် ဖျက်ပြီးနေကြကာ ကျန်တဲ့အိမ်တွေလည်း ဆက်ဖျက်ရဖို့ ရှိနေသလို စိုက်ခင်းတွေကိုလည်းထားပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့နောက်ဆုံးထား ထွက်ပေးရတော့မှာဖြစ်တာကြောင့် အခက်အခဲကြုံနေကြရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013