
မြန်မာနိုင်ငံမှာ အမေရိကန်အခြေစိုက် ပို့ကုန်နဲ့သွင်းကုန်ဘဏ် (Ex-Im Bank) ကို ဖွင့်လှစ်တဲ့အခါ မြန်မာ-အမေရိကန် နှစ်နိုင်ငံကုန်သွယ်မှုကို ပိုမိုတိုးတက်စေမယ်လို့ ကုန်သည်အသင်းဖွဲ့ အဆင့်မြင့်ပုဂ္ဂိုလ်တွေက ပြောဆိုလိုက်ပါတယ်။
အမေရိကန်အခြေစိုက် ပို့ကုန်နဲ့ သွင်းကုန်ဘဏ်က ဘဏ္ဍာရေးဆိုင်ရာအကူအညီတွေ ပေးနိုင်ဖို့ မြန်မာနိုင်ငံမှာ လာရောက်ဖွင့်လှစ်မယ်လို့ အဆိုပါဘဏ်က ဖေဖော်ဝါရီ ၆ ရက်နေ့က တရားဝင်သတင်း ထုတ်ပြန်ပါတယ်။
ပို့ကုန်နဲ့ သွင်းကုန်ဘဏ်ရဲ့ ဥက္ကဋ္ဌ ဖရက် ဟော့ခ်ျဘက်ဂ် (Fred Hochberg) က “ဒါဟာ ကျနော်တို့ နှစ်နိုင်ငံအကြားမှာရှိတဲ့ ကုန်သွယ်မှုတိုးမြှင့်ရေးအတွက် ရည်ရွယ်ပါတယ်။ ပြီးတော့ ကမ္ဘာ့စီးပွားရေးနယ်ပယ်အတွင်းထဲကို မြန်မာနိုင်ငံအနေနဲ့ ပြန်လည်ပေါင်းစည်းနိုင်ဖို့အတွက် ကူညီပေးနိုင်ရာလည်း ရောက်ပါတယ်။ ဒီအပြင် မြန်မာနိုင်ငံက အမေရိကန်ရဲ့ပို့ကုန်တွေအတွက် အရေးပါတဲ့ ဈေးကွက်သစ်တခုအနေနဲ့လည်း ရှိနေမှာဖြစ်လို့ ကျနော်တို့ရဲ့ဘဏ်ကို လာဖွင့်ဖို့အတွက် အခုလို ဆုံးဖြတ်ချက်ချခဲ့တာပါ” လို့ ဒီသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပို့ကုန်နဲ့ သွင်းကုန်ဘဏ်တဆင့် အမေရိကန်ဈေးကွက်ဆီ မြန်မာ့ရေထွက်ကုန်တွေကို တိုက်ရိုက်တင်ပို့ ရောင်းချနိုင်မှာ ဖြစ်လို့ နှစ်နိုင်ငံ ကုန်သည်အကြားမှာ ပိုမိုဆောင်ရွက်နိုင်မယ်လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိ မြန်မာ့ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ အဓိက အခက်အခဲတခုကတော့ ငွေကြေးအရင်းအနှီး ရှားပါးတဲ့ပြဿနာပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းဖို့အတွက် ပို့ကုန်နဲ့ သွင်းကုန်ဘဏ် (Ex-Im Bank) လုပ်ငန်းက မဖြစ်မနေလိုအပ်တယ်လို့ ဆိုပါတယ်။
ဘဏ်အနေနဲ့ ချေးငွေပေးတဲ့နေရာမှာတော့ ဒီတိုင်း အလွယ်တကူ ချေးငှားမှာမဟုတ်ဘဲ ငွေချေးသူရဲ့ နောက်ကြောင်းရာဇ၀င်ကို ကြည့်ပြီး ထုတ်ချေးမယ်လို့ ကုန်သည်အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ်တွေကို ဘဏ်ရဲ့ရုံးခွဲအနေနဲ့ မှတ်ပုံတင်ခွင့်ပေးထားပေမယ့် ဘဏ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှုတွေကို အစိုးရအနေနဲ့ ခွင့်မပြုထားပါဘူး။
ဒီအတွက် Financial Institution Law (ငွေကြေးဆိုင်ရာ ဥပဒေ) ကို ရေးဆွဲထားရှိပြီးဖြစ်ကာ ယင်းဥပဒေပေါ် ထွက်လာပြီးနောက် နိုင်ငံခြားဘဏ်တွေကို ဘဏ်လုပ်ငန်းဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းတွေ စတင်ခွင့်ပြုတော့မှာ ဖြစ်ပါတယ်။
အသံဖိုင်နားဆင်ရန်











