DVB Logo
Home
မြန်မာသတင်း
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွက် နိုင်ငံရေးနယ်ပယ်မှမဟုတ်သည့် မြန်မာကိုယ်စားလှယ်ကို ဖိတ်ကြား
DVB
·
February 3, 2022
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွက် နိုင်ငံရေးနယ်ပယ်မှမဟုတ်သည့် မြန်မာကိုယ်စားလှယ်ကို ဖိတ်ကြား
Donate to DVB

မြန်မာစစ်တပ်က ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီးကိုမဖိတ်ဘဲ နိုင်ငံရေးနယ်ပယ်ကမဟုတ်တဲ့ ကိုယ်စားလှယ်တယောက်ကို အခုလနှောင်းပိုင်းမှာ ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ဖို့ ဖိတ်ကြားထားကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အာဆီယံ ဘုံသဘောတူညီချက်တွေ တိုးတက်မှု အားနည်းနေချိန်မှာ မြန်မာနိုင်ငံစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးကို အစည်းအဝေးဖိတ်ကြားဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ သဘောတူညီမှု မရရှိသေးကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ချွမ်ဆောင်နရီရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။

ကမ္ဘောဒီးယားဟာ အဖွဲ့ဝင် ၁၀ ဦးပါ အာဆီယံအဖွဲ့ရဲ့လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်တို့မှာ ဝန်ကြီးအဆင့် အစည်းအဝေးကို အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပတော့မှာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ထိုင်ခုံနေရာ အလွတ်ထားမယ့်အစား အစည်းအဝေးမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ နိုင်ငံရေးနယ်ပယ်က မဟုတ်တဲ့ ပုဂ္ဂိုလ်တယောက်ကို ကိုယ်စားလှယ်ထားရှိဖို့ တိုက်တွန်းပါကြောင်းလည်း ချွမ်ဆောင်နရီ က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဘယ်သူကတော့ ကိုယ်စားလှယ်ဖြစ်သင့်တယ် ဆိုတာကို ဆုံးဖြတ်ဖို့က မြန်မာနိုင်ငံအပေါ် မူတည်ပါတယ် လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်က စစ်တပ်အာဏာသိမ်းပြီးနောက် အကျပ်အတည်းဖြစ်နေပြီးတော့ အာဏာသိမ်းဆန့်ကျင်သူတွေကို စစ်အုပ်စုက ဖြိုခွင်းနှိမ်နင်းရာမှာ အနည်းဆုံး အရပ်သား ၁၅၀၀ လောက် သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးရုံးမှ ကိုးကားဖော်ပြချက်အရ သိရပါတယ်။

နယ်စွန်ကျေးလက်တွေမှာ လက်နက်ကိုင်လာကြရတဲ့ ဒီမိုကရေစီ လိုလားသူတွေနဲ့ တိုင်းရင်းသားလူနည်းစု အင်အားစုတွေက စစ်တပ်ဖွဲ့တွေနဲ့ စစ်မျက်နှာအများအပြားမှာ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာနဲ့ လူသားချင်းစာနာထောက်ထားမှု အခြေအနေ ယိုယွင်းလာမှုသတင်းတွေ အပါအဝင် မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေအပေါ် အလွန်စိုးရိမ်ပါကြောင်း  ကမ္ဘောဒီးယားက မနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကလည်း အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်ပစ်ဖို့နဲ့ သက်ဆိုင်တဲ့ အဖွဲ့တွေအားလုံး အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ကျင့်သုံးကြဖို့ ထိပ်တန်းဦးစားပေးအဖြစ် အလေးအနက် ပြောကြဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဆီယံ ဘုံသဘောတူညီချက်ကို လေးစားလိုက်နာဖို့ ပျက်ကွက်တာအတွက် စစ်ကောင်စီကို အာဆီယံထိပ်သီးအစည်းအဝေးတွေအပါအဝင် အဓိက အစည်းအဝေးတွေကို တက်ခွင့်မပေးဘဲ အာဆီယံက ဖယ်ထုတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်  အာဆီယံထိပ်သီးအစည်းအဝေးမှာလည်း အာဏာသိမ်း စစ်ခေါင်းဆောင်ကို အာဆီယံက အစည်းအဝေးဖိတ်ကြားတာမရှိခဲ့ဘဲ  နိုင်ငံရေးနယ်ပယ်က မဟုတ်တဲ့ နိုင်ငံခြားရေး အဆင့်မြင့် အရာရှိကြီး တဦးကိုသာ ဖိတ်ကြားခဲ့ပါတယ်။ 

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ဇန်နဝါရီ ၇ ရက်က မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး  စစ်အုပ်စုကိုထောက်ခံတဲ့ ခရီးစဉ်တစ်ခုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုနိုင်မှာကို ဒေသတွင်း အိမ်နီးချင်းနိုင်ငံတချို့က စိုးရိမ်ခဲ့ကြပါတယ်။ 

အာဆီယံဥက္ကဋ္ဌ ဟွန်ဆန်က မင်းအောင်လှိုင်ကို အာဆီယံသဘောတူညီချက်ကို ကိုင်စွဲထားဖို့ ဖိအားပေးလာတာကြောင့် အဖွဲ့ဝင်တချို့ကလည်း အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်ခွင့်ပေးဖို့ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013