DVB Logo
Home
မြန်မာသတင်း
နတ်မောက်နှင့် ရေစကြိုတွင် စစ်ကောင်စီတပ်သားနှင့် ရဲအပါအဝင် ၃ ဦး ပစ်ခတ်တိုက်ခိုက်ခံရ
DVB
·
February 3, 2022
နတ်မောက်နှင့် ရေစကြိုတွင် စစ်ကောင်စီတပ်သားနှင့် ရဲအပါအဝင် ၃ ဦး ပစ်ခတ်တိုက်ခိုက်ခံရ
Donate to DVB

မကွေးတိုင်း နတ်မောက်မြို့နယ်မှာ ဖေဖော်ဝါရီ ၂ ရက်နေ့ မွန်းလွဲပိုင်းက ဆိုင်ကယ်နဲ့ ရှေ့ပြေးလာတဲ့ စစ်ကောင်စီတပ်သားတစ်ယောက်နဲ့ ရဲတစ်ယောက် ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ နတ်မောက်အခြေစိုက် ငါးပြေမ ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။

နတ်မောက်မြို့နယ် ရွှေပန်းတော ရဲစခန်းကနေ ဇရပ်ကွင်းဘက်ကို သွားတဲ့ စစ်ကောင်စီတပ်သားတစ်ယောက်နဲ့ ရဲတစ်ယောက်အတူ စီးလာတဲ့ ရှေ့ပြေးဆိုင်ကယ်ကို ဖက်တောရွာနားမှာ ဗိုလ်ငါးပျံနဲ့ ဗိုလ်ငါးမဲလုံးတို့ ဦးဆောင်တဲ့တပ်ဖွဲ့က မွန်းလွဲ ၂ နာရီလောက် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့နောက်ကနေ ပါလာတဲ့ ပြည်သူဆိုင်ကယ်ကို ငဲ့လိုက်လို့ မိုင်းကို ထိထိမိမိမဆွဲလိုက်ရဘူးဗျ။ တစ်ယောက်ကတော့ ပွဲချင်းပြီးသေတယ်။ နောက်တစ်ယောက်က သူ့မှာပါတဲ့ သေနတ်နဲ့ ခံပစ်နေလို့ အပြန်အလှန်ပစ်ခတ်ပြီး သုတ်သင်နိုင်ခဲ့တယ်။” 

သေဆုံးသွားသူတွေကတော့ နတ်မောက်အခြေစိုက် ဆက်သွယ်ရေးတပ်သားနဲ့ ရွှေပန်းတော့ ရဲစခန်းက ရဲတပ်သားတို့ဖြစ်ပြီး အမည်တွေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်သားတွေ ရောက်လာတာကြောင့် ပစ်ခတ်ပြီး ဆုတ်ခွာခဲ့ကာ ရဲဘော်တွေ အထိခိုက် အကျဆုံးမရှိဘူးလို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

မကွေးတိုင်း ရေစကြိုမြို့နယ်မှာလည်း ဖေဖော်ဝါရီ ၂ ရက်နေ့ မနက် ၇ နာရီလောက်က ပျူစောထီးခေါင်းဆောင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ယောက်ကို သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ ရေစကြိုမြောက်ပိုင်း N-YSO ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။

ရေစကြိုမြို့နယ် ဝက္ကတောရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပျူစောထီးသင်တန်း တပ်ခွဲ (၄) ခေါင်းဆောင် ဦးတင်ရွှေကို နှစ်ငါးလုံးနေ့ အထိမ်းမှတ်အနေနဲ့ ပစ်သတ်ခဲ့တာလို့ N-YSO ပြောက်ကျားတပ်ဖွဲ့ ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

“စစ်ကောင်စီက သူတို့ကို သေနတ်အတို ကိုင်ဆောင်ခွင့်ပေးထားတယ်ဗျ။ အဲဒီသေနတ်နဲ့ ဒေသခံရွာသားတွေကို ခြိမ်းခြောက်ပြီး အနိုင်ကျင့်ဗိုလ်ကျတယ်။ စစ်ကောင်စီ လည်ပတ်ဖို့အတွက် ပြည်သူတွေဆီကနေ အဓမ္မအခွန်အခတွေ ကောက်တယ်။ စစ်တပ်ထောက်ခံပွဲလုပ်ဖို့ ရွာထဲမှာ ခြိမ်းခြောက်စေခိုင်းတာတွေ လုပ်သလို ပျူစောထီးသင်တန်းတက်ဖို့ လိုက်လံစည်းရုံးနေတာကြောင့် သုတ်သင်လိုက်တာ။” 

အဲဒီအုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီတပ်တွေနဲ့ပူးပေါင်းပြီး နယ်မြေရှင်လင်းရေး စစ်ကြောင်းတွေမှာလည်း လိုက်ပါကြောင်း၊ လူထုဆန္ဒပြပွဲတွေ၊ PDF တပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို ဆက်တိုက်ပေးပို့နေပြီး ရွာသားတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတာကြောင့် အခုလို အသတ်ခံရတာလို့ ဝက္ကတောရွာသားတစ်ယောက်က ပြောပါတယ်။

ရေစကြိုမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေကို နုတ်ထွက်ဖို့ သတိပေးပြီးတဲ့နောက်ပိုင်း အုပ်ချုပ်ရေးမှူးတွေ အပြိုင်အဆိုင် နုတ်ထွက်စာတွေ တင်ထားကြတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013