ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက် မနေ့ညပိုင်းက မိုင်တဲတာဝါတိုင်စောင့် စစ်သားတွေကို ဗုံးပစ်လောင်ချာနဲ့ တိုက်ခိုက်နိုင်ခဲ့သလို စစ်ကောင်စီအလိုကျလုပ်ဆောင်နဲ့ ဌာနဆိုင်ရာတချို့ကိုလည်း ဖောက်ခွဲ သတိပေးခဲ့တယ်လို့ တွံတေးမြို့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ပျံလွှားအောင်စစ်ဆင်ရေး တွန်းလှန်မှုတခုအနေနဲ့ မနေ့ည ၇ နာရီခွဲက စမ်းရွာကျေးရွာ မိုင်တဲတာဝါတိုင်စောင့် စစ်သားတွေကို ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားတွေကလည်း အချက် ၅၀ လောက် ပြန်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်သားတွေ ထိခိုက်သေဆုံးနိုင်ပေမဲ့ အတိအကျမသိရသေးဘူးလို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်။
မနေ့ မနက် ၄ နာရီကလည်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ နာမည်ပျက်စာရင်းဝင် ကြံ့ခိုင်ရေးပါတီအမတ်ဟောင်း ဦးအုန်းကြွယ်ပိုင်တဲ့ ချမ်းမြေ့ဂုဏ်ဆီဆိုင်ကို ဖောက်ခွဲ တိုက်ခိုက်ခဲ့သေးတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၃၁ ရက်က တွံတေးမြို့ပေါ်က မြို့နယ် လဝကရုံးနဲ့ ပညာရေးမှူးရုံး၊ CDM ဝန်ထမ်းတွေကို စစ်ကောင်စီအလိုကျ ခြိမ်းခြောက်နေတဲ့ ကမ္ဘာ့ရတနာဘဏ်၊ အကြမ်းဖက် စစ်ကောင်စီကို ငွေကြေး၊ ရိက္ခာနဲ့ သတင်းပေးဒလန်လုပ်နေတဲ့ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်း ဒေါက်တာတသိန်းဇော်မြင့်အိမ်တို့ကို ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့လည်းဆိုပါတယ်။
ဒါပေမဲ့ လက်နက်ပစ္စည်းတွေရဲ့ အားနည်းချက်ကြောင့် ဒေါက်တာ သိန်းဇော်မြင့်ရဲ့ အိမ်မှာပဲ ပေါက်ကွဲခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
တွံတေးမြို့ပြပြောက်ကျားတပ်ဖွဲ့အနေနဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေ၊ ဌာနဆိုင်ရာတွေနဲ့ သတင်းပေးဒလန်တွေကို ဆက်လက်အရေးယူသွားမှာဖြစ်သလို အကြမ်းဖက် စစ်ကောင်စီရဲ့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး ပစ်မှတ်တွေကိုလည်း ဆက်လက် တိုက်ခိုက်အရေးယူသွားမယ်လို့ ဆိုပါတယ်။