DVB Logo
Home
မြန်မာသတင်း
၁၂ နှစ်အရွယ် ကယန်းပဒေါင်မိန်းကလေး ထိုင်းတီဗွီအစီအစဉ်တွင် ဝက်စာခုတ်ကျွမ်းကျင်ဆုရ
DVB
·
February 2, 2022
၁၂ နှစ်အရွယ် ကယန်းပဒေါင်မိန်းကလေး ထိုင်းတီဗွီအစီအစဉ်တွင် ဝက်စာခုတ်ကျွမ်းကျင်ဆုရ
1 / 4
Donate to DVB

ထိုင်းတီဗွီ Super 10 ရုပ်သံအစီအစဉ်ဟာ အတတ်ပညာတခုခုမှာ သူမတူအောင်ထူးချွန်ပြီး လိမ္မာတဲ့ကလေးတွေကို ရိုက်ကူးထုတ်လွှင့်ဆုချပေးနေရာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းကတော့ ၁၂ နှစ်ရွယ် ကြေးကွင်းစွပ် ကယန်းပဒေါင်မိန်းကလေးတစ်ဦး ဝက်စာခုတ်ကျွမ်းကျင်မှုနဲ့ မိဘကျေးဇူးသိတတ်သူအဖြစ် ဆုချီးမြှင့်ခံခဲ့ရပါတယ်။

အသက် ၁၂ နှစ်ရွယ်ရှိ လောလော် ခေါ် ခိုင်နဖာ့ ဆိုတဲ့ မိန်းကလေးဟာ ထိုင်းမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင် ဟွေ့ပူကဲန်ကျေးရွာက ဖြစ်ပါတယ်။ ကယန်းပဒေါင်မိသားစုကနေ မွေးဖွား လာပြီး မိဘတွေက တောင်ယာလုပ်ကိုင်စားသောက်ကြပါတယ်။ 

သူဟာ အရွယ်နဲ့မလိုက်အောင် သိတတ်လိမ္မာပြီး မိဘတွေရဲ့တောင်ယာလုပ်ငန်းကူညီပေး တဲ့အပြင် ငါးဖမ်း၊ ပုစွန်ဖမ်း၊ ဂျတ်ခုတ်တဲ့အလုပ်တွေပါ လုပ်တတ်ပါတယ်။ သူ့ရဲ့နေ့စဉ်ဘဝ လုပ်ငန်းဆောင်တာတွေကို ရုပ်သံအစီအစဉ်က သွားရောက်ရိုက်ကူးခဲ့ပြီး ဘန်ကောက်စတူဒီယိုထဲ မှာပါ ခေါ်ယူရိုက်ကူးပြသခဲ့ပါတယ်။ 

အဆိုပါအစီအစဉ်မှာ သူမက ကယန်းရိုးရာကြေးကွင်းစွပ်ဓလေ့ထုံးစံကိုပါ မိခင်နဲ့အတူ သရုပ်ပြသခဲ့ပါတယ်။ ကယန်းအမျိုးသမီးတို့ထုံးစံမှာ အသက် ၅ နှစ်ရွယ်ခန့်ကစ လည်ပင်းမှာကြေး ကွင်းစွပ်ရကြောင်း၊ အဲဒီလိုလုပ်တာဟာ မိမိအသက်လုံခြုံမှုအတွက်ရော ကိုယ့်လူမျိုးအချင်းချင်းမှန်း သိရှိအောင် ဆင်ယင်ရတာဖြစ်ကြောင်း၊ ထိုင်းမှာလာနေတော့ လုံခြုံဘေးကင်းလို့ အမြဲမစွပ်တော့ဘူးလို့ သူ့မိခင်ကပြောပါတယ်။ 

သူမဖခင်ဟာ ဘန်ကောက်မှာ အလုပ်သွားလုပ်ပေမယ့် ကိုဗစ်-၁၉ ကြောင့် အလုပ်လက်မဲ့ဖြစ်ပြီး ရွာပြန်လာကြောင်း၊ သူတို့ရွာဟာ ယခင်ကခရီးသွားဧည့်သည်တွေ လာရောက်လည်ပတ်လို့ ရိုးရာအမှတ်တရပစ္စည်းတွေရောင်းချပြီး ဝင်ငွေရခဲ့ပေမယ့် ကိုဗစ်-၁၉ ဂယက်ကြောင့် ခရီးသွားမရှိတော့လို့ စားဝတ်နေရေးခက်ခဲနေတာလို့ ဆိုပါတယ်။ 

အဲဒီနောက် သူနေ့တိုင်းလုပ်နေရတဲ့ ဝက်စာခုတ်တဲ့အလုပ် ကျွမ်းကျင်မှုကို  ဒိုင်လူကြီးက စစ်ဆေးတဲ့အနေနဲ့ စက္ကန့် ၃၀ အတွင်း ငှက်ပျောတုံးကို အလေးချိန် ၅၀၀ ဂရမ်ရအောင် အစိပ်စိပ်အ မွှာမွှာခုတ်ပြခိုင်းရာ သူမက ၆၀၀ ဂရမ်ရအောင် ခုတ်ပြခဲ့ပါတယ်။ 

ဒါ့အပြင် သူဟာ အားကစားမှာလည်း ထူးချွန်တဲ့အတွက် ဘော်လီဘောပုတ်ခြင်း နဲ့ ဘတ်စ ကက်ဘောကစားတာလည်း စမ်းသပ်ခဲ့ရာ ကျွမ်းကျင်စွာ ကစားပြနိုင်ခဲ့ပါတယ်။ 

ဆုအဖြစ်ဘာမျှော်မှန်းလဲလို့ ဒိုင်လူကြီးကမေးရာမှာ သူမက လောလောဆယ် ဆိုင်ကယ်အပေါင်ထားပြီး အကြွေး ဘတ် ၁၅၀၀ လစဉ်ဆပ်နေရတဲ့ အမေ့ကို ကြွေးကြေအောင်ကူ ချင်တယ်လို့ ပြောတဲ့အတွက် King ကုမ္ပဏီကနေ အကြွေးဆပ်ဖို့အပြင် ပညာသင်ဆုပါ ဘတ် ၂၀၅၀၀ ရော အား ကစားဝတ်စုံတွေပါ ဆုချခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013