အာဏာသိမ်း စစ်ကောင်စီက ဖိအားပေးမှုတွေ ရှိနေတဲ့ကြားက မွန်ပြည်နယ် မော်လမြိုင်မြို့နေ ပြည်သူတွေဟာ စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြသတဲ့အနေနဲ့ အာဏာသိမ်း တစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ အသံတိတ် သပိတ် Silent Strike မှာ ပူးပေါင်းပါဝင်နေကြပါတယ်။
မော်လမြိုင်ရဲ့ အဓိကလမ်းမကြီးတွေ ဖြစ်တဲ့ အောက်လမ်းမကြီး၊ ဗဟိုလမ်းနဲ့ အထက်လမ်းမကြီးတွေမှာ မနက် ၁၀ နာရီကစပြီး လူသူသွားလာမှု မရှိသလောက် နည်းပါးနေတာပါ။
မော်လမြိုင်မြို့အတွင်းရှိ ဈေးတွေကိုလည်း စစ်ကောင်စီက မဖြစ်မနေဆိုင်ဖွင့်ဖို့ အတင်းဓမ္မ လက်မှတ်ထိုးခိုင်းထားတာကြောင့် ဆိုင်တွေ ဖွင့်လှစ်ထားပေမယ့် အရောင်းအဝယ်သူ မရှိဘဲ ဖြစ်နေတာပါ။
စစ်ကောင်စီကတော့ အသံတိတ် သပိတ်ကို တုံ့ပြန်တဲ့ အနေနဲ့ မော်လမြိုင်မှာ စစ်တပ် ထောက်ခံပွဲ လုပ်တာ၊ ရပ်ကွက်တွေမှာ စတုဒီတာကျွေးဖို့အတွက် အုပ်ချုပ်ရေးမှူးတွေကို တစ်ရပ်ကွက် ကျပ် ၂ သိန်းထောက်ပံ့တာ၊ အသံချဲ့စက်ကြီးတွေနဲ့ သီချင်းဖွင့်တာ၊ ထမနဲထိုးပွဲတွေ ပြုလုပ်နေတာပါ။
ဒါ့အပြင် မော်လမြိုင်ရဲ့ မြို့ပေါ်ရပ်ကွက်အများစုမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်မဖွင့်တဲ့ ဈေးဆိုင်တွေကို လိုက်လံ စစ်ဆေးနေသလို ရပ်ကွက်တချို့မှာတော့ အရပ်ဝတ်တွေနဲ့ လုံခြုံရေးယူထားတာ မြင်တွေ့ရပါတယ်။