DVB Logo
Home
မြန်မာသတင်း
စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်အကြာ လောင်စာဆီဈေးနှင့် ကုန်ဈေးနှုန်းများ အဆင်မတန် မြင့်တက်
DVB
·
January 31, 2022
စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်အကြာ လောင်စာဆီဈေးနှင့် ကုန်ဈေးနှုန်းများ အဆင်မတန် မြင့်တက်
Donate to DVB

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၁ နှစ်အကြာ ပြည်တွင်းမှာ စက်သုံးဆီစျေးက တလီတာကို ကျပ်  ၁၆၀၀ နဲ့ ၁၇၀၀ အထိ စျေးအတက်ကြမ်းလာပြီး အခြေခံစားကုန်ဖြစ်တဲ့ ဆန်နဲ့ဆီစျေးတွေကလည်း မြင့်တက်လာတယ်လို့ ရန်ကုန်မြို့နေ ပြည်သူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာမသိမ်းမီကာလမှာ စက်သုံးဆီစျေးတွေက တလီတာကို ကျပ် ၆၀၀ စွန်းစွန်းပဲ ရှိပါတယ်။ အလားတူ အခြေခံစားကုန်ဖြစ်တဲ့ ဆန်နဲ့ဆီစျေးကလည်း ဆန်ချော ဧရာဝတီပေါ်ဆန်း တအိပ်(၁၀၈ပေါင်)ကို ကျပ် ၄ သောင်းကျော်နဲ့ ဆန်ကြမ်း ဧည့်မထ တအိပ်(၁၀၈ပေါင်)ကို ကျပ် ၂ သောင်းကျော်ရှိပြီး စားအုန်းဆီ တပိဿာကို ကျပ် ၂ ထောင်ကျော်သာ ရှိခဲ့ပါတယ်။

အခု စစ်တပ်အာဏာသိမ်းပြီးနောက် တနှစ်ပြည့်တော့မယ့် ဒီကနေ့ ဇန်နဝါရီ ၃၁ ရက်မှာ စက်သုံးဆီစျေးက ၃ ဆနီးပါး အဆမတန်မြင့်တက်လာပြီး အခြေခံစားကုန်ဖြစ်တဲ့ ဆန်နဲ့ဆီစျေး ကလည်း လိုက်ပါမြင့်တက်လာပါတယ်။

ဒီနေ့ စက်သုံးဆီစျေး ဓာတ်ဆီ(92) တလီတာ ၁၅၉၅ ကျပ်၊ ဓာတ်ဆီ(95) တလီတာ ၁၆၅၀ ကျပ် ရှိပြီး ဒီဇယ်(ပရီမီယံ) တလီတာ ၁၆၂၀ ကျပ်ရှိပါတယ်။

စက်သုံးဆီစျေးတွေ ဒီ့ထက်မြင့်တက်လာမယ်ဆိုရင် တက္ကစီအငှားယာဉ်တွေလည်း ရပ်တန့်ရတော့မယ့် အခြေအနေနဲ့ ကြုံတွေ့နေရပြီလို့ ယာဉ်မောင်းတွေကပြောပါတယ်။

ကိုယ်ပိုင်မောင်းနေတဲ့ ယာဉ်မောင်းတဦးက “ဒီကနေ့ စက်သုံးဆီစျေးက ၁၆၀၀ နဲ့ ၁၇၀၀ ကြားထဲမှာ ရှိပါတယ်။ အခုဆီစျေးတက်လို့ အရင် ၁၅၀၀ နဲ့ ၂၀၀၀ ရှိတဲ့ လမ်းကြောင်းကို ၃၀၀၀ တောင်းရင် ဘယ်သူ့မှ မပေးဘူး။ အဲ့တော့ ၂၀၀၀ လမ်းကြောင်းခရီးကို အများဆုံးပေးရင် ၂၅၀၀ ပဲ။ ဒါတောင် အခု ၁၆၀၀ နဲ့ ၁၇၀၀ ကြားမှာ အဲ့လိုဖြစ်နေတာနော်။ ပြီးတော့ အခုက ပိုက်ဆံ ၂သောင်း ရရင် တသောင်းဖိုး ဆီထည့်ရတာ။ ဒါက ကိုယ့်ကား ကိုယ်မောင်းရတဲ့ သူက ထားလိုက်တော့။ သူများကား မောင်းရတဲ့ သူတွေက ဘယ်လို လုပ်ကြမလဲ။ CNG သမား တွေက နည်းနည်း တော်သေးတယ်။ ဆီသမားက ဘယ်လိုမျှ အဆင်မပြေဘူး။ အရင်တုန်း ကတော့ တနေကုန်မောင်းပြီးရင် ကိုယ့်အတွက် တဝက်ကျန်တယ်။ အခုတော့ အခက်အခဲတွေက အများကြီးပဲ။ ကျနော်တို့တောင် ဂိတ်မှာပဲ ရပ်ထားရတယ်။ ခရီးလမ်းကြောင်း ဝေးရင် မလိုက်တော့ဘူး။ ၁၅၀၀ နဲ့ ၂၀၀၀ ခရီးတိုကိုပဲ ရွေးလိုက်တော့တယ်”လို့ ဆိုပါတယ်။

အငှားစနစ်နဲ့မောင်းနေတဲ့ ယာဉ်မောင်းတဦးကလည်း “တက္ကစီ စီးတဲ့ခရီးသည်က စီးတော့စီးတယ်။ ဒါပေမဲ့ အရေးတကြီး အလျင်လိုတာလောက်ပဲ စီးတယ်။ တော်ရုံတန်ရုံ ဆိုရင်တော့ လိုင်းကားနဲ့ပဲ သွားကြတော့တယ်။ စဉ်းစားကြည့်လေ။ ၂၀၀၀ ပေးရမယ့် ခရီးက ဆန် တပြည်ရတယ်လေ။ အဲ့တော့ လိုင်းကားပဲ စီးကြတယ်။ အချိန်ကို လုပြီး သွားရတဲ့ အခါကြမှ တက္ကစီ စီးတာပေါ့။ ကား ဆွဲကောင်း မကောင်းဆိုတာကလည်း ကိုယ့်ဆီမှာ ပုံမှန် စီးနေကြ ဖောက်သည်တွေပဲ ရှိတာပါ။ ဒါပေမဲ့ ပုံမှန်စီးနေကြ ဖောက်သည်တွေကလည်း အရင်လို မများတော့ပါဘူး။ ဆီစျေးတက်ပြီး ကတည်းကလေ။ သူတို့လည်း လိုအပ်မှပဲ ထွက်ကြတော့တယ်။ ခေတ်ကာလ ကျပ်တည်းနေတော့ ချွေတာတာပေါ့ဗျာ။ လမ်းပေါ်မှာ လက်တား ငှားစီးတဲ့သူ ရဖို့က မလွယ်ဘူး။ ဘာလို့လဲဆိုတော့ ရှေ့မှာ ကိုယ့်ကို စီးမယ့် ခရီးသည်က စျေးမေးနေပေမယ့် ကိုယ့်အနောက်မှာ နောက်တစီးက ကိုယ်နဲ့ စျေးအဆင်မပြေရင် လိုက်ဖို့အတွက် စောင့်နေတာ။ ဒါကြောင့် အငှားမောင်းတဲ့ သူတွေ ဆီစျေးတွေ တက်လာလို့ မမောင်းနိုင်ကြတော့ဘူး။ ပြန်အပ်နေကြပြီ လို့ ပြောပါတယ်။

စက်သုံးဆီစျေးတွေ မြင့်တက်လာတဲ့ နောက်ဆက်တွဲ ဂယက်ကြောင့် အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်နဲ့ ဆီ စျေးတွေကလည်း ပြီးခဲ့တဲ့လနဲ့ယှဉ်ရင် အနည်းငယ် စျေးအပြောင်းအလဲရှိလာပါတယ်။

ဆန်နဲ့ဆီ လက်လီ၊လက်ကားရောင်းချနေတဲ့ လုပ်ငန်းရှင်တဦးက ဆန်စျေးက စျေးတွေ နည်းနည်းပြောင်းပါတယ်ခင်ဗျ။ ဘယ်ဆန်ပဲဖြစ်ဖြစ် တပြည်ကို ကျပ် ၁၀၀ နဲ့  ၂၀၀ ကြားလောက်တော့ စျေးတက်သွားပါတယ်။ ခါတိုင်း ၂၀၀၀ တန် ဆန်တပြည်က အခု ၂၁၀၀၊ ၂၂၀၀ စသဖြင့် သူ့အမျိုးအစားပေါ်မူတည်ပြီး တက်သွားပါတယ်။ စားသုံးဆီကတော့ အတက်ပိုကြမ်းသွားတယ် လို့ ဆိုပါတယ်။

လက်ရှိမှာဆိုရင် ဆန်ချော ဧရာဝတီ ပေါ်ဆန်းအသစ် တအိတ်(၁၀၈ ပေါင်) ကို ကျပ် ၅၃၀၀၀  ရှိပြီး ဆန်ကြမ်း ဧည့်မထ တအိတ်(၁၀၈ ပေါင်) ကို ကျပ် ၃၁၀၀၀ ရှိကာ ပြည်ပမှတင်သွင်းတဲ့ စားအုန်းဆီစျေးနှုန်းက ၁ ပိဿာကို ကျပ် ၅၂၀၀  ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013