
ချင်းပြည်နယ် မင်းတပ်-မတူပီလမ်းပိုင်း မိုင် ၇၀ ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ CDF မတူပီတပ်ဖွဲ့တို့ ဇန်နဝါရီ ၂၇ ရက်နဲ့ ၂၈ ရက်နေ့တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး CDF မတူပီတပ်ဖွဲ့ ၃ ဦး ကျဆုံးသွားတယ်လို့ CDF(မတူပီ) က ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၂၈ ရက်နေ့မှာ CDF (မတူပီ) တပ်ရင်း (၃) က ရဲဘော် ဆလိုင်း-ဆိုင်းလျန်ဟာ မိုင်းမတော်တဆပေါက်ကွဲမှုကြောင့် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။
မင်းတပ်- မတူပီ မိုင် ၇၀ ၀န်းကျင်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာတော့ CDF မတူပီ တပ်ရင်း (၁) က Salai Tung Mang နဲ့ Salai Lian Aung တို့ ၂ ဦးတိုက်ပွဲမှာ ကျဆုံးသွားတာဖြစ်ပါတယ်။
“၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့တွင် Chinland Defense Force တပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကြား ဖြစ်ပွားခဲ့သည့် ထိတွေ့မှု့ဖြစ်စဉ်အတွင်း တိုင်းပြည်နှင့်လူမျိုးအတွက် CDF (Matupi) တပ်ဖွဲ့ဝင်အာဇာနည် ၃ ဦးအသက်ပေးခဲ့ပါသည်။ အမျိုးသားတော်လှန်ရေးအတွက် ကတိသစ္စာဆိုခဲ့သည့်အတိုင်း ရဲဘော်တို့၏ ပေးဆပ်မှုအပေါ် မိမိတို့ CDF(Matupi) မှ လေးစားဂုဏ်ပြုပါကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း မှတ်တမ်းတင်အပ်ပါသည်” လို့ CDF(မတူပီ) က ရေးသားထုတ်ပြန်ထားပါတယ်။
ဇန်နဝါရီ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်နဲ့ ထန်တလန် CDF၊ CAN တို့ တိုက်ပွဲဖြစ်ပွားရာမှာ CDF ထန်တလန်က Salai Khua Tin Thang မိုင်းနင်းမိတာကြောင့် ကျဆုံးသွားခဲ့ပါတယ်။
ဇန်နဝါရီ ၂၆ ရက်နေ့က မတူပီ- မင်းတပ်လမ်းမအတိုင်း မတူပီတပ်စခန်းက ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို CDF (မတူပီ) က မိုင်တိုင် ၈၀ အရောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦးထက် မနည်းဒဏ်ရာရရှိခဲ့တယ်လို့ CDF (မတူပီ) တပ်ဖွဲ့ဆီက သိရပါတယ်။