DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းအထက်ပိုင်း၌ စစ်ကောင်စီအုပ်ချုပ်ရေး ရပ်ဆိုင်းလုဖြစ်နေ
DVB
·
January 28, 2022
မကွေးတိုင်းအထက်ပိုင်း၌ စစ်ကောင်စီအုပ်ချုပ်ရေး ရပ်ဆိုင်းလုဖြစ်နေ
Donate to DVB

မကွေးတိုင်းအထက်ပိုင်းမြို့နယ် ၆ မြို့နယ်မှာ ဖွံ့ဖြိုးရေးနာမည်တပ်ပြီး စစ်ကောင်စီက စည်းရုံးရေးလုပ်ငန်းတွေ လုပ်ကိုင်ဖို့ပြင်ဆင်နေပေမယ့် လက်တွေ့မှာ တိုင်းစစ်ခေါင်းဆောင်တွေက မြေပြင်မဆင်းရဲတဲ့အခြေအနေကြုံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။ 

မကွေးတိုင်းအထက်ပိုင်း ဂန့်​ဂေါ၊ ​​ဆောနဲ့ ထီးလင်းမြို့နယ်တွေမှာ အစိုးရအုပ်ချုပ်ရေးယန္တရား ရပ်ဆိုင်းလုနီးပါးဖြစ်နေပြီး မြိုင်၊ ပေါက်နဲ့ ရေစကြိုမြို့နယ်တွေမှာလည်း အုပ်ချုပ်ရေးယန္တရား အသက်သွင်းဖို့ ခက်ခဲနေတယ်လို့ စစ်ကောင်စီရဲ့ မကွေးတိုင်း၊ နယ်စပ်ရေးရာနဲ့လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်လင်းက ဇန်နဝါရီ ၁၉ ရက်က ပြုလုပ်တဲ့ နယ်မြေစည်းရုံးရေး အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။  

စစ်ကောင်စီက PDF တွေကို အနိုင်မတိုက်နိုင်တဲ့အတွက် ပြည်သူတွေကိုပြန်လည်စည်းရုံးပြီး ပျူစောထီးတွေနဲ့ PDF တွေကို ရန်တိုက်ပေးဖို့စီစဉ်နေတာဖြစ်ပါတယ်။ 

ဇန်နဝါရီ ၂၀ ရက် နောက်ပိုင်းကစပြီး မကွေးတိုင်းအထက်ပိုင်းကမြို့နယ်တွေမှာ ပြည်သူတွေကို ပြန်လည်စည်းရုံးဖို့ မြို့နယ်အလိုက်အစည်းအဝေးတွေကိုလည်းပြုလုပ်ခဲ့ပါတယ်။

ဇန်နဝါရီ ၂၇ နေ့မှာတော့ မြိုင်မြို့နယ်တောင်ပိုင်းမှာ ရဲနဲ့စစ်သားတွေရံပြီးတော့ ဌာနဆိုင်ရာပေါင်းစုံပါတဲ့အဖွဲ့တွေဟာ ရွာတွေကို စည်းရုံးရေးဆင်းနေတယ်လို့ ဒေသခံ PDF တွေက ပြောပါတယ်။

ဒေသခံ PDF တဦးက “စည်းရုံးရေးလုပ်မယ်ဆိုတာကတော့ ရွာတွေကိုလိုက်ပြီး ဘာလိုချင်လဲ။ ဘာလုပ်ချင်လဲပေါ့။ PDF တွေနဲ့ဆက်သွယ်မှုမရှိအောင်ပေါ့။ သူတို့ပြောတဲ့စကားတွေကတော့ ဒေသခံတွေနဲ့ PDF တွေကြား သွေးခွဲတာပေါ့။ PDF တွေရှိလို့ သူတို့လာရတယ်ပေါ့။ မရှိရင် လာစရာအကြောင်းမရှိဘူးပေါ့။ ထင်ယောင်ထင်မှားတွေဖြစ်အောင်ပေါ့ဗျာ။ အာဏာသိမ်းထားတဲ့ အကြောင်းကြတော့ တစ်ခွန်းမှမပြောဘဲနဲ့။ သူတို့လာတိုင်းရှောင်ရတာ ပြေးရတာ ခဏခဏဖြစ်နေတော့ ဒေသခံတွေလည်း နာကျည်းနေပြီပေါ့။ သူတို့စည်းရုံးတာ မအောင်မြင်နိုင်ပါဘူး။"လို့ ပြောပါတယ်။

စစ်ကောင်စီက ပေါက်မြို့နယ်ထဲကပြည်သူတွေကိုလည်း ပြန်လည်စည်းရုံးဖို့စီစဉ်နေပြီး အကောင်အထည်ဖော်ဖို့နဲ့ တာဝန်ခွဲဝေမှုတွေပြုလုပ်ဖို့  မြို့နယ်အဆင့်အစည်းအဝေး တကြိမ်ထိုင်ထားတယ်လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

ပေါက်မြို့နယ်ဒေသခံ တစ်ဦး "ပြန်ကြားရေးရယ်၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရယ် ကျေးလက်လမ်းဦးစီးဌာနတွေပေါင်းပြီးတော့ နယ်မြေဖွံ့ဖြိုးရေးလုပ်ပေးတယ်ဆိုပြီးတော့ စည်းရုံးမယ့်သဘောပေါ့။ လတ်တလောမှာလည်း ပြီးခဲ့တဲ့သုံးရက်လောက်တုန်းက ပေါက်မြို့နယ်ထဲမှာ နယ်မြေရှင်းလင်းရေးလုပ်တယ်ဆိုပြီး NLD အမာခံတွေရဲ့ အိမ်တွေကို ဖျက်ဆီးတယ်။ အဲ့ဒီလိုတွေလုပ်နေတယ်။ သူတို့စည်းရုံးမယ်ဆိုတာကတော့ အခုထိမြေပြင်ကိုမ ဆင်းနိုင်သေးဘူး။ နယ်မြေဆင်းဖို့ရာ သူတို့တော်တော်လေး ထိတ်လန့်နေတယ်လို့ ကြားရတယ်။ အကောင်အထည်ဖော်ဖို့ရာ သူတို့မှာလည်း အခက်အခဲရှိ လိမ့်မယ်။ အကောင်အထည်ဖော်ရင်လည်းအောင်မြင်မှာ မဟုတ်ဘူးလို့ ယူဆပါတယ်။"လို့ ပြောပါတယ်။

စစ်ကောင်စီက တဖက်မှာ စည်းရုံးရေးလုပ်နေသလို မြိုင်မြို့နယ်မှာတော့ ရေနံကျင်းတွေကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးပြီး လုပ်ပိုင်ခွင့်တွေကို သိမ်းမယ်လို့လည်း ပြောဆိုထားပါတယ်။ ကျေးရွာတွေကိုလည်း ပစ်ခတ်မီးရှို့တာကြောင့် ရွာတော်တော်များများက ရွာသားတွေဟာ ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေ ရပါတယ်။  

မြိုင် PDF ခေါင်းဆောင်တစ်ဦးက "ရေနံမြေကျင်းတွေကို မီးတွေရှို့တယ်။ ပစ္စည်းတွေလုတယ်။ တချို့ရွာတွေလည်းမီးရှို့ပစ်တယ်။ ဒေသခံတွေကတော့ ကားတွေအစီးလိုက်ငှားပြီး ရွာလုံးကျွတ်တွေပြေးကြရတယ်။ စစ်ကောင်စီက အင်အား ၄၀၀ ကျော်နဲ့ စစ်ကြောင်း ၅ ကြောင်းခွဲထိုးတာဗျ။ ရေနံမြေက PDF တွေကို ထောက်ပံ့ပေးနေတာလို့ သူတို့က ထင်နေတာ။ ရေနံမြေကိုဖျက်သိမ်းပစ်မှာတဲ့ဗျ။ ဘာမှလုပ်စားလို့မရအောင် ကျင်းတွေကို မီးရှို့တယ်။ လုပ်ပိုင်ခွင့်တွေဖျက်သိမ်းမယ်ပြောတယ်။”လို့ ပြောပါတယ်။

ပေါက်မြို့နယ်၊ ကင်းမရွာမှာတော့  ဇွန် ၁၅ ရက်မှာ  စစ်ကောင်စီက ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ကင်းမရွာအနီးက ဝန်ခြုံးရွာအပါအဝင်ကျေးရွာတွေမှာလည်း စစ်ကောင်စီက အိမ်တွေကို မီးရှို့တာ အကြမ်းဖက်ပစ်ခတ်တာတွေပြုလုပ်ခဲ့ပါတယ်။ 

ဒါ့အပြင် ပေါက်မြို့နယ်အတွင်းက အန်အယ်လ်ဒီ ပါတီဝင်တွေကို စစ်ကောင်စီက ပစ်မှတ်ထားရန်ပြုနေပြီး တစ်မြို့နယ်လုံး မငြိမ်းချမ်းတဲ့အခြေအနေတွေရင်ဆိုင်နေရပါတယ်။

မကွေးတိုင်းအထက်ပိုင်းမှာ PDF တွေကို တိုက်ခိုက်ဖို့ ပြည်သူ့စစ်ဗျူဟာကို ပြန်လည်အသုံးပြု မယ်လို့ ဗိုလ်မှူးကြီးကျော်ကျော်လင်းက ပြောဆိုထားပါတယ်။ 

ဇန်နဝါရီ ၁၉ ရက်က လုပ်တဲ့ နယ်မြေစည်းရုံးရေးအစည်းအဝေးအသံဖိုင်ဟာ အွန်လိုင်းမှာ ပေါက်ကြားခဲ့ပြီး ဒေသခံတွေကတော့ စစ်ကောင်စီရဲ့စည်းရုံးရေးလုပ်ငန်းဟာ လုံးဝလက်ခံနိုင်စရာ မရှိဘူးလို့ ဆိုကြပါတယ်။ 

စစ်ကောင်စီဟာ ဖေဖော်ဝါရီလထဲမှာ နိုင်ငံတကာတရားရုံး ICJ မှာ အမှုရင်ဆိုင်ဖို့ရှိနေတဲ့အတွက် ဟန်ဆောင်လိမ်ညာပြီး ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်တာမျိုးမရှိကြောင်း နိုင်ငံတကာကို ပြသချင်တဲ့အတွက် အခုလို ဗျူဟာပြောင်းလာတာဖြစ်တယ်လို့ အနောက်မြောက်တိုင်းဒေသခံ နိုင်ငံရေးသမားတွေက ခန့်မှန်းကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013