DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဆင်းရဲမွဲတေမှု ကိုဗစ်-၁၉ မဖြစ်ခင်ကထက် နှစ်ဆပိုမိုများလာဟု ကမ္ဘာ့ဘဏ် ခန့်မှန်း
DVB
·
January 28, 2022
မြန်မာ့ဆင်းရဲမွဲတေမှု ကိုဗစ်-၁၉ မဖြစ်ခင်ကထက် နှစ်ဆပိုမိုများလာဟု ကမ္ဘာ့ဘဏ် ခန့်မှန်း
Donate to DVB

မြန်မာနိုင်ငံရဲ့ ဆင်းရဲမွဲတေမှုအခြေအနေဟာ  ကိုဗစ်-၁၉ ရောဂါ မဖြစ်ခင်ကထက် နှစ်ဆပိုများလာတယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထုတ်ပြန်လိုက်ပါတယ်။ 

အထူးသဖြင့် မကြာသေးခင်က ရင်ဆိုင်ခဲ့ရတဲ့ ဖြစ်စဉ်တွေကြောင့် စုဆောင်းထားတာတွေ ကုန်ဆုံးသွားတဲ့ အောက်ခြေလူတန်းစားဆင်းရဲသားတွေအပါအဝင် များစွာရိုက်ခတ်နိုင်တဲ့အတွက် ဆင်းရဲမွဲတေမှု ပမာဏဟာ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားခင်ကထက် နှစ်ဆပိုမိုများပြားလာတယ်လို့ ကမ္ဘာ့ဘဏ်ကဆိုပါတယ်။

မြန်မာနိုင်ငံအတွက် ၂၀၂၁ ခုနှစ် အောက်တိုဘာလ နောက်ဆုံးပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ ပြည်တွင်းမှာရှိတဲ့ ကုမ္ပဏီအားလုံးရဲ့ ထက်ဝက်လောက်ဟာ သွင်းအားစုနဲ့ကုန်ကြမ်း ပြတ်တောက်တာတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်လို့ ကမ္ဘာ့ဘဏ်က  ဆိုပါတယ်။

ဒါဟာ ကုန်စီးဆင်းမှု အခက်အခဲနဲ့အတူ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းတာကြောင့် ကုန်ကျစရိတ်ကြီးမြင့်လာတာနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ဖြစ်ပေါ်ခဲ့တာပါ။

တဖက်မှာလည်း တောင်သူလယ်သမားတွေအနေနဲ့ လယ်ယာစိုက်ပျိုးရေးအတွက် အဓိကသွင်းအားစုတွေ စျေးတက်တာ၊ ချေးငွေရယူဖို့ အခက်အခဲ များစွာရှိတာ၊ ကုန်စည်သယ်ယူပို့ဆောင်ရေးမှာလည်း အခက်အခဲတွေနဲ့ ဆက်လက်ရင်ဆိုင်ကြုံတွေ့ရဖို့ ရှိနေပါတယ်။

ဒီအကျိုးဆက်ကြောင့် စိုက်ပျိုးရေးထွက်ကုန်တွေ လျှော့ကျလာတာ၊ ကုန်စျေးနှုန်း အလျင်အမြန် ဖောင်းပွလာတာနဲ့ ချေးငွေရရှိနိုင်မှု နည်းပါးလာတာတို့ကြောင့် စားနပ်ရိက္ခာဖူလုံနိုင်မှုကိုပါ ပိုမိုဆိုးဝါး လာစေနိုင်တယ်လို့ ထောက်ပြထားပါတယ်။

ဒီ့အပြင် စီးပွားရေး ဖိအားတွေ ဆက်လက်တည်ရှိနေတာကြောင့် ထိခိုက်နိုင်ခြေနဲ့  စားနပ်ရိက္ခာဖူလုံရေးတို့အပေါ် ကြီးစွာ သက်ရောက်မှုက ရှိလာမှာပါ။ 

မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနဲ့ လာအိုနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် ညွှန်ကြားရေးမှူး မာရီယမ်ရှာမန် က မြန်မာနိုင်ငံ ပြည်သူအများစုအတွက် လက်ရှိအခြေအနေနဲ့ ရှေ့ကာလအတွက် ခန့်မှန်းချက်တွေက ဆက်လက်ပြီး အလွန်စိုးရိမ်စရာ အနေအထားမှာ ရှိနေတယ်လို့ သတိပေးပြောကြားထားပါတယ်။

ပဋိပက္ခတွေ လတ်တလောမှာ ဆက်တိုက်ဖြစ်လာတာကြောင့် ပထမအချက်အနေနဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ရှုထောင့်မှ စိုးရိမ်စရာဖြစ်နေပြီး စီးပွားရေးလုပ်ငန်းတွေအပေါ် နောက်ဆက်တွဲ သက်ရောက်မှုတွေလည်း ရှိနိုင်ကြောင်း၊ ကာကွယ်ဆေးထိုးနိုင်တာ နည်းပါးသေးတာနဲ့ ကျန်းမာရေးကဏ္ဍမှာ လိုအပ်ချက်တွေ ရှိနေတာကြောင့် မြန်မာနိုင်ငံဟာ ကိုဗစ်ဗီဇမျိုးကွဲ အိုမီခရွန်ဒဏ်ကိုခံနိုင်ဖို့ အင်မတန် နည်းပါးလိမ့်မယ်လို့ ဆိုပါတယ်။

အလားတူ ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံဆိုင်ရာအကြီးတန်းစီးပွားရေးပညာရှင် ကင်မ်အဒ်ဝဒ်ကလည်း ညွှန်းကိန်းအများစုက ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု သိသိသာသာကျဆင်းသွားပြီး လျှပ်စစ်ကဏ္ဍအပါအဝင် အရင်က ဖြစ်ထွန်းနိုင်ခြေရှိတဲ့ စီမံကိန်းတွေလည်း ဝယ်လိုအား လျှော့ကျသွားတဲ့အတွက်  ရပ်တည်ရန်ခက်ခဲလာကြောင်း မြန်မာကျပ်ငွေတန်ဖိုးဟာ နိုင်ငံခြားငွေကြေးနဲ့တွက်ပါက တန်ဖိုးကျဆင်းသွားတဲ့အတွက် ပြည်ပကတင်သွင်းရတဲ့ ကုန်ပစ္စည်း ကုန်ကျစရိတ်မြင့်တက်လာတယ်လို့ ပြောပါတယ်။

ဒါ့အပြင် လအတန်ကြာ ပညာသင်ကြားခွင့် ပြတ်တောက်သွားမှုနဲ့အတူ အလုပ်လက်မဲ့နှုန်း အလျင်အမြန် မြင့်တက်လာမှု၊ နေရပ်စွန့်ခွာရွှေ့ပြောင်းရမှုတွေကြောင့် ရေရှည်မှာ လူသားရင်းမြစ် ကျွမ်းကျင်မှုနဲ့ ကုန်ထုတ်စွမ်းအားတွေလည်း သိသိသာသာလျှော့ကျသွားပါလိမ့်မယ်လို့ ဆိုပါတယ်။။

လက်ရှိအခြေအနေမှာလည်း သွင်းအားစုအပိုင်းနဲ့ ဝယ်လိုအားကဏ္ဍတို့မှာ အားနည်းချက် ရှိနေတာကြောင့် လုပ်ငန်းတွေ လည်ပတ်နိုင်ဖို့ အတားအဆီးတွေ ရှိနေဆဲဖြစ်တာကြောင့် လုပ်ငန်းတွေဟာ အရောင်းပမာဏနဲ့ အကျိုးအမြတ်တို့မှာ သိသိသာသာကျဆင်းလာတဲ့အပြင် ငွေသားစီးဆင်းမှု အကျပ်အတည်း၊ ကုန်ကြမ်းရရှိနိုင်မှု၊ ဘဏ်ဝန်ဆောင်မှုနဲ့ အင်တာနက် အသုံးပြုမှု စတဲ့အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

ဒါကြောင့် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအတွက် ကာလတိုခန့်မှန်းချက်က ကမ္ဘာ့ကပ်ရောဂါ အခြေအနေနဲ့ ပဋိပက္ခရဲ့ အကျိုးသက်ရောက်မှု၊ နိုင်ငံခြားငွေလဲလှယ်နှုန်းနဲ့ ဘဏ္ဍာရေးကဏ္ဍတို့မှာ တွေ့ကြုံနေရတဲ့ အခက်အခဲ အနိမ့်အမြင့် အပေါ်မှာသာမက လျှပ်စစ်မီး၊ ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ ဒစ်ဂျစ်တယ်နည်းပညာအရ ချိတ်ဆက်နိုင်မှုအပါအဝင် အဓိကဝန်ဆောင်မှုတွေ နှောင့်နှေး ပြတ်တောက်နေဦးမယ်လို့ ဆိုပါတယ်‌။

၂၀၂၁ ခုနှစ်က ပေါ်ပေါက်ခဲ့တဲ့ အာဏာသိမ်းမှုနဲ့ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုတို့ကြောင့် မြန်မာ့စီးပွားရေးနဲ့ မြန်မာ ပြည်သူတွေဟာ ပြင်းထန်စွာထိခိုက်ခံစားနေရဆဲဖြစ်ကြောင်း၊ ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ စက်တင်ဘာလအထိ မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းဟာ ၁၈ ရာခိုင်နှုန်းအထိ ကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် အခုဘဏ္ဍာဖြစ်တဲ့ ၂၀၂၂ ဘဏ္ဍာရေးနှစ်၊ စက်တင်ဘာလအထိ တွက်ချက်မှုမှာတော့ မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်းက ၁ ရာခိုင်နှုန်းကို ရောက်ရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။

Photo Credit-World Bank

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013