DVB Logo
Home
မြန်မာသတင်း
အဓမ္မပြုကျင့်ရန် ကြိုးစားမှုဖြင့် စစ်သားတဦး တရားစွဲခံရ
DVB
·
February 7, 2014
အဓမ္မပြုကျင့်ရန် ကြိုးစားမှုဖြင့် စစ်သားတဦး တရားစွဲခံရ
Donate to DVB

မွန်ပြည်နယ်မှာ အမျိုးသမီးတဦးကို အဓမ္မကျင့်ဖို့ ကြိုးစားရင်း အကြမ်းဖက် ထိုးကြိတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တပ်မတော်သားတဦး တရားစွဲခံရပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၆ ရက်နေ့က မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ၀ဲရက်ကျေးရွာပိုင် ရာဘာခြံတခုမှာ ရာဘာစေး လှီးနေတဲ့ မိချိုကို ၀ဲကလိလမ်းဆုံရှိ အမြောက်တပ် ၃၁၅ က ဒုတပ်ကြပ် ရဲလင်းထွန်းက အဓမ္မပြုကျင့်ဖို့ ကြိုးပမ်းရင်း ထိုးနှက်တဲ့ကိစ္စကို သံဖြူဇရပ်ရဲစခန်းမှာ အမှုဖွင့်ပေးခဲ့တယ်လို့ မွန်ဒီမိုကရေစီပါတီ တာဝန်ရှိသူတဦးက ပြောပါတယ်။

မွန်ဒီမိုကရေစီပါတီက ဗဟိုကော်မတီဝင် လည်းဖြစ် ပါတီဥပဒေရေးရာ တာဝန်ရှိသူလည်း ဖြစ်တဲ့ ဦးစိန်မြမောင်က ခုလို ပြောပါတယ်။

“မတ်လ ၂၆ ရက်နေ့က ကျနော်သိတာနဲ့ ဆေးရုံလိုက်သွားတယ်။ လူနာသွားကြည့်တယ်။ သွားကြည့်ပြီး သူ့ကို မေးမြန်းပြီး အမှုမဖွင့်ရသေးတာနဲ့ ကျနော်သံဖြူဇရပ်ကို ညတွင်းချင်းဆင်း လာပြီးတော့ သံဖြူဇရပ်ရဲစခန်းမှာ အမှုဖွင့်ပေးလိုက်တယ်။ ရဲက အမှုဖွင့်ပေးတယ်။ ဒါပေမယ့် ကျနော်က ဒါက ၃၇၆/၅၁၁ နဲ့ ငြိတယ်လို့ ပြောတော့ သူတို့က စခန်းမှူး မြို့နယ်မှူးရဲ့ အစီအစဉ်နဲ့ ၃၅၄၊ ၃၂၃ ပဲ သူတို့ တင်ထားတယ်။ အမှုတော့ ဖွင့်ပေးတယ်။”

ဒုတပ်ကြပ်ရဲလင်းထွန်းကို အဓမ္မကျင့်ရန် ကြံစဉ်မှုနဲ့ဖွင့်တာကို ရဲကလက်မခံဘဲ ကာယိနြေ္ဒ ပျက်ပြားအောင် ကျူးလွန်မှု (ပုဒ်မ ၃၅၄) နဲ့သာ အမှုဖွင့်ပေးခဲ့ပြီး ကိုယ်ထိလက်ရောက် ရိုက်နှက်မှုကိုတော့ သာမန်နာကျင်စေမှုနဲ့ အမှုဖွင့်ပေးတယ်လို့ ပြောသွားတာပါ။

သံဖြူဇရပ်ရဲစခန်းက ဒီအမှုကို အမှတ် ၃၁၅ အမြောက်တပ်ကို ပြန်လည်လွှဲပေးထားပြီး နောက် အဲဒီ ဒုတပ်ကြပ်ကို တပ်အချုပ်မှာ ချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

ဒုတပ်ကြပ် ရဲလင်းထွန်းက အသက် ၄၀ ခန့်အရွယ်ရှိတဲ့ မိချိုရဲ့ မျက်နှာကို ထိုးနှက်တာ၊ ပါးစပ်နဲ့ ကိုက်ရုံတင်မက တုတ်နဲ့ပါ ရိုက်နှက်တာတွေကြောင့် ဒဏ်ရာတွေကို မော်လမြိုင် ဆေးရုံမှာ အရေးပေါ်ကုသမှု ခံယူခဲ့ပါတယ်။

ဦးနှောက်မှာ သွေးခဲသွားတဲ့အတွက် ရန်ကုန်ဆေးရုံကြီးကို ပြောင်းရွှေ့ခဲ့ပြီး အခုအခါ ဦးနှောက်နဲ့ အာရုံကြောဌာနမှာ ကုသမှုခံယူနေပါတယ်။

လက်ကို ကိုက်တာ အကြော ပြတ်သွားတဲ့အတွက် ခွဲစိတ်ကုသရမှာဖြစ်တယ်လို့ မချိုကို အနီးကပ်စောင့်ကြည့်ပေးတဲ့ မွန်ဒီမိုကရေစီပါတီဝင် ကျဲကျဲညီက ပြောပါတယ်။

“လောလောဆယ်တော့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ်ဆောင် မှာ ရှိနေတယ်။ ခေါင်းဒဏ်ရာက အထဲမှာ သွေးနည်းနည်းခဲနေတယ်။ ဒါပေမယ့် သက်သာလာပြီး နည်းနည်းထထိုင်လာနိုင်ပြီ။ အရိုးဆေးရုံကို ပြန်ပြောင်းရမယ်။ သူ့ရဲ့လက်ဒဏ်ရာက အရွတ်ပျောက်သွားတယ်ဆိုတော့ အဲဒီအရွတ်ကို ခွဲစိတ်ကုသရမယ်။”

ဆေးရုံတက်နေတဲ့ မိချိုကို ဒီဗွီဘီက တယ်လီဖုန်းနဲ့ စကားပြောခွင့်ရပေမယ့် မိချိုက ဗမာလို မကျွမ်းကျင်မှုနဲ့ ရောဂါအခြေအနေကြောင့် အသေးစိတ် ပြန်လည်ဖြေကြားနိုင်ခြင်း မရှိဘဲ မူးပြီးမောတဲ့ ဝေဒနာခံစားနေရတယ်လို့သာ ဖြေဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013