DVB Logo
Home
မြန်မာသတင်း
ပုပ္ပါးက ရှားပါးမျောက်အပါအဝင် မဲခေါင်ဒေသတွင်း မျိုးစိတ်သစ် ၂၀၀ ကျော်တွေ့ရှိ
DVB
·
January 28, 2022
ပုပ္ပါးက ရှားပါးမျောက်အပါအဝင် မဲခေါင်ဒေသတွင်း မျိုးစိတ်သစ် ၂၀၀ ကျော်တွေ့ရှိ
Donate to DVB

မြန်မာနိုင်ငံ၊ ပုပ္ပါးဒေသက Popa langur ရှားပါး‌မျောက်မျိုးစိတ်သစ်အပါအဝင် မဲခေါင် ဒေသတွင်းမှာ ၂၀၂၀ ပြည့်နှစ်အတွင်း မျိုးစိတ်သစ်ပေါင်း ၂၀၀ ကျော် တွေ့ရှိခဲ့တယ်လို့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) က ထုတ်ပြန်ပါတယ်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေ၊ သစ်ခုတ်တာတွေလို လူသားတွေရဲ့ လုပ်ဆောင်မှု တွေကြောင့် သဘာဝပတ်ဝန်းကျင်ဂေဟစနစ်ကို ခြိမ်းခြောက်မှုတွေ ရှိနေပေမဲ့ သိပ္ပံပညာရှင်တွေရဲ့ ရှာဖွေတွေ့ရှိမှုတွေထဲမှာ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့အပါအဝင် မဲခေါင်ဒေသတွင်း အပင်နဲ့ တိရစ္ဆာန်မျိုးစိတ်သစ် ၂၂၄ မျိုး တွေ့ရှိခဲ့ကြောင်း WWF က ထုတ်ပြန်တဲ့ "မျိုးစိတ်သစ် ရှာဖွေတွေ့ရှိမှု" အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကင်မရာထောင်ချောက်တွေကတဆင့် ဖမ်းယူရရှိတဲ့ မြန်မာ့ရှားပါးမျောက် မျိုးစိတ်သစ်ကိုတော့ စတင်တွေ့ရှိရာ ပုပ္ပါးဒေသကို အစွဲပြုပြီး Popa langur လို့ အမည်ပေးထားခဲ့ပြီး အကောင်ရေ ၁၀၀ ဝန်းကျင် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

တနိုင်ငံလုံးမှာတော့ ပုပ္ပါးမျောက် မျိုးစိတ်သစ်အကောင်ရေ ၂၀၀ နဲ့ ၂၅၀ ကြားရှိနိုင်ပြီး ပုပ္ပါး ဒေသမှာသာမက ရှမ်းပြည်နယ် ပန်းလောင်ပြဒါးလင်း၊ ပဲခူးရိုးမ၊ ကရင်ပြည်နယ် ရသေ့ပျံ တောင်ဒေသတွေမှာလည်း တွေ့ရှိနိုင်တယ်လို့ ဆိုပါတယ်။

အသီးအရွက်ကိုသာ စားလေ့ရှိတဲ့ ဒီမျောက်မျိုးစိတ်တွေကိုတော့ ဒေသခံတွေက မျောက် သူတော်လို့လည်း ခေါ်ကြပြီး တရားမဝင်အမဲလိုက်တာတွေ၊ သစ်တောပျက်စီးဆုံးရှုံးတာ တွေကြောင့် မြန်မာ့မျိုးရင်း ရှားပါးမျိုးစိတ်ဝင်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အရေးတ ကြီးလိုအပ်နေပါတယ်။

မဲခေါင်ဒေသဟာ ဇီဝမျိုးစုံမျိုးကွဲတွေ တည်ရှိရာဒေသတခုဖြစ်ပြီး ကျားတွေ၊ ဆင်တွေအပါအဝင် ရှားပါးစာရင်းဝင် တိရစ္ဆာန်မျိုးစိတ် ထောင်နဲ့ချီ ရှိနေတယ်လို့လည်း WWF အစီရင်ခံစာက ဆိုပါတယ်။

ဒါ့အပြင် နောက်ထပ်တွေ့ရှိရတဲ့ မျိုးစိတ်တွေထဲမှာတော့ ဗီယက်နမ်နိုင်ငံက ရှားပါးမျိုးစိတ်ဝင် ဖား၊ ကမ္ဘောဒီးယားနိုင်ငံက ခြေမကွေး တောက်တဲ့ စတဲ့ တွားသွားသတ္တဝါတွေ၊ ငါးနဲ့ အပင်မျိုးစိတ်တွေလည်း ပါဝင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013