DVB Logo
Home
Lead Story
တပ်သိမ်းမြေ ပြန်ပေးမှု ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ် - သုံးသပ်ချက်
DVB
·
February 7, 2014
တပ်သိမ်းမြေ ပြန်ပေးမှု ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ် - သုံးသပ်ချက်
Donate to DVB

မြန်မာ့တပ်မတော်က သိမ်းထားတဲ့ လယ်မြေဧက ၂ သိန်းကျော် ပြန်ပေးမယ်လို့ ဖေဖော်ဝါရီ ၆ ရက်ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြလိုက်ပါတယ်။

Military Landတရက်တည်း ထွက်လာတဲ့ ပုဂ္ဂလိကပိုင် နေ့စဉ်ထုတ် သတင်းစာတချို့မှာတော့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီးက တပ်မတော်အနေနဲ့ မြေသိမ်းလမ်းစဉ်အစား မြေစွန့်လမ်းစဉ်ပဲ ကျင့်သုံးတော့မယ်လို့ လွှတ်တော်ထဲ ပြောသွားတယ်လို့ ဖော်ပြထားပါတယ်။

စစ်တပ်က သိမ်းထားတဲ့ လယ်မြေတွေ ပြန်ပေးရာမှာ လွှတ်တော်ရဲ့ လယ်ယာမြေ ကော်မရှင်က ပေးပို့လာတဲ့ လယ်မြေအမှုပေါင်း ၅၀၀ ကျော်ထဲက ၃၀၀ ကျော် ပြန်ပေးတာလို့ သတင်းက ဆိုပါတယ်။
လွှတ်တော်လယ်မြေစုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေးမှူး ဦးသိန်းထွန်း အဆိုအရ တပ်သိမ်းအမှုပေါင်း ၂ ထောင်ကျော် ဖြေရှင်းဖို့ ကျန်သေးတယ်လို့ သိရပါတယ်။

တပ်သိမ်းလယ်တွေကို ဘယ်ပုံဘယ်နည်း ပြန်ပေးမလဲဆိုတာနဲ့ပတ်သက်ပြီး ကာကွယ်ရေး ဆပ်ကော်မတီရုံးက လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဦးက ခုလို ရှင်းပြပါတယ်။

“ပြည်ထဲရေးကနေ သိမ်းတာတွေရှိတယ်။ ပြည်ထဲရေးကနေ မြေသိမ်းမိန့်နဲ့ ထုတ်ပေးရတာတွေ ရှိတယ်။ ဟိုးတုန်းကဆိုရင် တိုင်းအစီအစဉ်နဲ့ မြေသိမ်းမိန့်တွေ လုပ်ပေးရတာ ရှိတယ်။ တပ်က သိမ်းမယ်ဆိုရင် သိမ်းဖို့အတွက် မြေကို လျှောက်ရတယ်။ လျှောက်တဲ့အခါမှာ သူတို့က မြေသိမ်းဖို့ကို ပြန်လုပ်ပေးတယ်။ အခုက ကျနော်တို့ ပြန်အပ်ရမယ်ဆိုရင် ကျနော်တို့ရဲ့ သက်ဆိုင်ရာ တပ်ရင်း တပ်ဖွဲ့မှူးတွေ ရှိမယ်။ သူတို့တွေက သက်ဆိုင်ရာ နယ်မြေခံ ခရိုင်၊ ပြည်ထဲရေးအမိန့်နဲ့ သိမ်းခဲ့တဲ့ဟာဆိုရင် ပြည်ထဲရေးက ခရိုင်အုပ်ချုပ်ရေးမှူးကို သွားပြီးတော့ ဒီမြေကို ပြန်အပ်ပါမယ်ဆိုပြီး အရင်မြေသိမ်းခဲ့တဲ့ အမှုတွဲကို သွားပြန်ပေးရတယ်။ အဲဒီအခါမှာ ခရိုင်ကနေ ပြည်ထဲရေးအောက်ကဆိုတော့ ပြည်ထဲရေးကို တင်မယ်။ ပြည်ထဲရေးက မြေလွှဲမိန့်ချ ပေးမယ်။ အဲဒါပြန်ချပေးရင် ခရိုင်အုပ်ချုပ်ရေးမှူးဆီကို သက်ဆိုင်ရာ မြေထဲမှာ ၀င်နေတဲ့ သူတွေက ပြန်လျှောက်ရမယ်။ ကျနော်တို့ တပ်ကတော့ ပြန်အပ်လိုက်တာပေါ့။ ပြည်သူတွေက ပြန်လျှောက်ပေါ့။ သူတို့ မူလအမည်ပေါက်တွေက ဘယ်လိုရှိတယ်ဆိုတာကတော့ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးဆီမှာ ရှိမှာပေါ့။ စပြီးသိမ်းစဉ်က အမည်အပေါက်တွေအတိုင်းပဲ သူက ပြန်ပြီး ချပေးမှာပေါ့။”
တပ်သိမ်းလယ်တွေ ပြန်ပေးတယ်ဆိုပေမယ့် မူလပိုင်ရှင်တွေ မြေပြန်မရသေးဘူး ဆိုတာချည်း ကြားသိရပါတယ်။ ဧရာဝတီတိုင်း တောင်သူလယ်သမားများ သမဂ္ဂကွန်ရက်က ညှိနှိုင်းရေးမှူး ဦးတင်ကိုလင်းကတော့ လယ်မြေ ပြန်ပေးတဲ့နေရာမှာ စနစ်ကျတဲ့ ပုံစံ မရှိတာကြောင့်လို့ ပြောပါတယ်။

“ကျနော်မှာ စနစ်ကျတဲ့ပုံစံ ရှိလား မရှိလားလို့ ကျနော့်ကို မေးရင်တော့ မရှိဘူးလို့ပဲ ဖြေမယ်။ ဘာလို့ စနစ်ကျတဲ့ ပုံစံ မရှိဘူးလဲဆိုတော့ လက်ရှိက သူတို့ ပြန်ပေးမယ်ဆိုရင် ဘယ်ကို ပေးလည်းဆိုတော့ တိုင်းတွေမှာရှိတဲ့ ပြည်နယ်အစိုးရဆီ ချပေးတယ်။ ချပေးတော့ ပြည်နယ်အစိုးရက ချပေးရမယ်ဆိုပြီးတော့ စာရွက်စာတမ်းတွေနဲ့ အောက်ခြေကို ပြန်ပြီးပေးပါတယ်။ ပေးတဲ့အခါမှာ ဘယ်လိုပေးလဲဆိုတော့ အောက်ခြေကို ပေးတယ်ဆိုတဲ့ စာရွက်သာ ရပြီးတော့ လယ်သမားတွေဆီကို တိုက်ရိုက် မရဘူး။ ဥပမာ - မအူပင်မှာ ဖြစ်နေတဲ့ ပြဿနာပေါ့။ မအူပင်မှာ လယ်သမားတွေကို ပြန်ပေးပါဆိုပြီးတော့ စာရွက်စာတမ်းတွေနဲ့ သူတို့ရဲ့ တာဝန်ရှိတဲ့သူတွေက လုပ်နေပြီး သူတို့ရဲ့အမိန့်ကို မလိုက်နာပဲ လုပ်နေတဲ့ ကိစ္စတွေ ရှိတယ်။ အဲဒီလို ကိစ္စတွေ ရှိနေတာဖြစ်တဲ့အတွက် သူတို့က စာရွက်တွေ သတင်းစာတွေပေါ်မှာသာ အော် နေသော်ငြားလည်း အောက်ခြေကို အမှန်တကယ် မရောက်သေးတာ ဖြစ်တဲ့အတွက် မထိရောက်ဘူးလို့ ပြောလို့ရတယ်။”

စစ်တပ်က သိမ်းထားတဲ့လယ်မြေတွေ ပြန်ပေးမယ်ဆိုနေချိန်မှာ တချို့ဒေသတွေမှာ တပ်ပိုင်မြေ ကျုးကျော်လို့ဆိုပြီး အိမ်တွေ ဖျက်နေတာ ရှိတော့ မယုံရသေးဘူးလို့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ လယ်မြေရေးရာတာဝန်ခံတဦးဖြစ်တဲ့ ဦးမျိုးသန့်က သုံးသပ်ပါတယ်။
“အခုအချိန်အထိတော့ ကျနော်က လုံးဝ မယုံသေးဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီ ကြေညာတဲ့ နေ့မှာ သမီးလေးရွာကို တရွာလုံး ဖျက်လိုက်တာ။ အဲဒါလည်း တပ်ပိုင်မြေဆိုပြီး သိမ်းထားတဲ့ မြေပဲလေ။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေမှာ တပ်ပိုင်မြေနဲ့ ပတ်သက်လို့ ပြန်ပေးနေတဲ့ ကိစ္စတွေ တော်တော်များများ ကြားနေရတယ်။ တကယ်တော့ အဲဒီလို ပေးပုံ ပေးနည်းက လက်သိပ်ထိုး နားလည်မှုနဲ့ ကဲ… ခင်ဗျားတို့ ပြန်ယူလိုက်ပါဗျာဆိုပြီး ပေးလိုက်တဲ့ ပုံစံ။ လောလောဆယ်ဆယ်မှာ မြေကို ပြန်ပြီး တချို့တွေ စိုက်ခွင့် ပျိုးခွင့် ရတာက လွဲလို့ ပိုင်ပိုင်နိုင်နိုင် ဘာမှ မရခဲ့သေးဘူး။ အဲဒီလို ဖြစ်နေတာ။ ကျနော်က အမြဲတမ်း ပြောခဲ့ဘူးတယ်။ စစ်တပ်က လုံးဝ စွန့်လွှတ်လိုက်ပါတယ်ဆိုတဲ့ အနေအထားမျိုးကို ပြောနိုင်ဖို့အတွက် တိုက်တွန်းခဲ့တယ်။ သို့သော် အခုလိုပုံစံမျိုးနဲ့တော့ စွန့်လွှတ်ခိုင်းလို့ မရဘူး။ အမှန်က တပ်ကသိမ်းခဲ့တဲ့ မြေရဲ့ တော်တော်များများက နဂို မူလပိုင်ရှင်တွေ ရှိပြီးသားပဲ။ အဲဒီ မူလပိုင်ရှင်တွေ လက်ထဲကို ကဲ မင်းတို့ဘာသာလုပ်တော့ကွာဆိုပြီး မြို့နယ် မြေစာရင်း အဆင့်လောက်ကို အာဏာကုန် လွှဲပေးလိုက်ရင် တပ်သိမ်းမြေကိစ္စက ပြီးသွားနိုင်တယ်။ အခုတော့ မဟုတ်ပဲနဲ့ အစိုးရပိုင်းကနေ ပတ်ပြီးတော့ ပြည်ထောင်စုအစိုးရ၊ ပြီးတော့ တိုင်းဒေသကြီး အစိုးရ အဲဒီလိုမျိုး ဆင့်ကဲ ဆင့်ကဲ ပတ်ပြီးတော့ ကော်မတီမျိုးစုံကနေတဆင့် ပြန်ပေးနေတဲ့ ပုံသဏ္ဌာန်က ဘယ်လိုနည်းနဲ့မှ မူလပိုင်ရှင်လက်ထဲကို ပြန်မရောက်နိုင်တဲ့ နည်းဖြစ်ပါတယ်။ ကြားထဲမှာ ယိုပေါက်ဖိတ်ပေါက်တွေ အများကြီးဖြစ်တယ်။ အုပ်ချုပ်ရေးပိုင်းက ချစားမှုတွေ အများကြီး ကြုံရမယ့် ကိစ္စတွေ ဖြစ်တဲ့အတွက် ကျနော်တို့က တိုက်ရိုက်စွန့်လွှတ်ခြင်းကို ပြောတာ။”

ကာကွယ်ရေးဆပ်ကော်မတီရဲ့ ပြောကြားချက်အရ တပ်သိမ်းမြေ ဧကပေါင်း ၂ သိန်း ၄ သောင်းကျော် ရှိတယ်လို့ သိရပါတယ်။ ဒီစာရင်းက တိုင်ကြားလာလို့ သိရတဲ့စာရင်းဖြစ်လို့ ဒီထက်ပိုသိမ်းထားဖို့ ရှိပါတယ်။

လွှတ်တော်ကော်မရှင်ရဲ့အဆိုအရလည်း မြေသိမ်းမှုပေါင်း ၂ ထောင်ကျော် တပ်က ရှင်းရ အုန်းမယ် ဆိုတာကြောင့် ပြန်ပေးရင်း သိမ်းရင်း ဖြစ်ဖို့အကြောင်းတွေလဲ တွေ့မြင်ရပါတယ်။

လွှတ်တော်မှာတော့ မြေပြန်ပေးတဲ့ကိစ္စ ပွင်းလင်းမြင်သာမှုရှိရှိ လုပ်ဆောင်ဖို့ ပြင်နေတဲ့ အကြောင်း မြေယာကော်မရှင်အတွင်းရေးမှူး ဦးသိန်းထွန်းက ခုလို ပြောပြပါတယ်။

“ကော်မရှင်အနေနဲ့က သိပ်ပြီးတော့ ပီပီပြင်ပြင်ရှင်းပြတာလည်း မရှိသေးဘူး။ နောက်တခုက ဖြေရှင်းတဲ့အမှုကလည်း နည်းတဲ့အတွက် ကျနော်တို့က အဲဒီအပေါ်မှာ ထပ်ပြီး အဆိုတခု တင်မယ်။ သ၀ဏ်လွှာအပိုင်း ၁၊၂၊၃ အပေါ်မှာ သူတို့ ဖြေရှင်းပြီးသား အမှုတွဲတွေက နည်းတာလည်းပါတယ်၊ စွန့်လွှတ်တာလည်း နည်းတယ်၊ နောက် အသေးစိတ် ကျနော်တို့ကို ပြန်လည်မရှင်းတဲ့အတွက် အဲဒါတွေကို ဆက်ပြီး ဆွေးနွေးဖို့ ပွင့်လင်းမြင်သာစွာ အမြန်ဆုံးပြီးပြတ်စွာဆောင်ရွက်ပေးရေး အဆိုတခု ထပ်တင်မယ်။ လွှတ်တော်ကိုတော့ တင်ပြီးသွားပြီ၊ နောက်တပတ်ထဲ ပါမလားမသိဘူး။ အဲဒီအဆိုမှာ ၀ိုင်းပြီးဆွေးနွေးကြဦးမယ်။”

မြန်မာ့တပ်မတော်အနေနဲ့ သိမ်းထားတဲ့လယ်မြေတွေ ပြန်ပေးတဲ့နေရာမှာ တိကျမှန်ကန် မြန်မြန်ဆန်ဆန် လုပ်ဆောင်တာ ရှိ၊ မရှိ ဆက်လက်စောင့်ကြည့်ကြရအုန်းမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013