DVB Logo
Home
Lead Story
အလှူဒါန ပြုကြသူငါ
DVB
·
January 27, 2022
အလှူဒါန ပြုကြသူငါ
Donate to DVB

ဖေကြီးရဲ့ တက္ကသိုလ်တက်ဖော် ဘော်ဒါတွေထဲမှာ ကဗျာရေးဖော် စာရေးဖော်တွေလည်း အတော်များပါတယ်။ အချို့ကောင်တွေက "ကဗျာ" ပဲရေးတယ်။ အချို့ကောင်တွေက "ကဗျာ" ကော "စကားပြေ" ကော ရေးပြီး ရှားရှားပါးပါး တစ်ကောင်ကတော့ ‘သရော်တော်တော်စာ’ ရေးတယ် ခင်ဗျ။

"သရော်စာ" ရေးနိုင်ဖို့ဆိုတာ လွယ်တယ်တော့ မထင်ပါဘူး။ အဲသည်အကောင်က အဲသည် မလွယ်တာကိုဘဲ ဖက်တွယ်ထားတာခင်ဗျ။ သူရေးတဲ့ "သရော်စာ" လေးတွေက ကျနော်တို့ တက္ကသိုလ်ထဲမှာ အတော် "ပေါက်တယ်" လို့ ဆိုရမယ်။

နံရံကပ်စာစောင်တွေမှာပါတဲ့ သူ့သရော်စာလေးတွေ နှစ်လယ်မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခံရတဲ့ သူ့သရော်စာလေးတွေကို ပါမောက္ခဆရာကြီး၊ ဆရာမကြီးတွေ၊ ဌာနမှူးကြီးတွေက ပြူးပြဲပြီး ဖတ်ကြရပါတယ်။ ကျောင်းရဲ့ မသင့်မတော် မလျော်မကန်တာတွေကို သူက ဟာသလေး စွက်ပြီး အမြဲတမ်း ထောက်ပြသတိပေးတတ်တာကိုး။

"သရော်စာရေးသူ" ရဲ့စိတ်ဟာလည်း တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတယ်။ သူများတွေ မမြင် မကြည့် မတွေ့တဲ့ ရှုထောင့်ကနေ သူတို့က ကြည့်တတ်တာကိုးဗျ။ အဲသည် ကျနော့်သူငယ်ချင်းလည်း အဲသလိုမျိုးပဲ၊ ကျနော်တို့ မမြင်တာကို သူက တွေ့တတ်တယ်။

ကျောင်းပြီးကတည်းက ကွဲသွားလိုက်တာ တစ်မြို့ တစ်ရွာစီ၊ လူချင်း မဆုံကြတော့ဘူး။ မာ့ခ်ဇူကာဘတ် ဆိုတဲ့ ညီလေး "ဖေ့စ်ဘုတ်" ထွင်လိုက်မှပဲ အွန်လိုင်းမှာ ပြန်ဆုံခဲ့ကြတာဗျ။ မက်ဆင်ဂျာကနေ ပြောကြဆိုကြ ဟားကြပေါ့။ အချိုးကတော့ အရင်အတိုင်းပဲ။

ပြုံးစိစိ ရိသဲ့သဲ့ ထေ့တေ့တေ့ ဖြဲစပ်စပ် လှောင်တောင်တောင်ပါပဲ။ အမြင်မတော်တာတွေ့ရင် နာသာခံခက် ပြောတတ်တုန်း။

တနိုင်ငံလုံး အရှိန်နဲ့အဟုန်နဲ့ တိုးတက် ထွန်းကားစပြုနေတဲ့ အချိန်မှာ "အာဏာရူး မအလတွေ" ကြောင့် "ခေတ်ပျက်ကြီး" ဖြစ်ခဲ့ရပြီး တစ်တိုင်းပြည်လုံး ဒုက္ခရောက်ခဲ့ကြရတာ အားလုံးကိုယ်တွေ့။ ပြည်သူလူထုအကုန်လုံး မျက်ရည်တွေသာမက သွေးတွေပါ ကျခဲ့ကြရတာ။

ဒီလိုအချိန်မှာ "ဘောမတွေ"လည်း အများအပြား ပေါ်ထွက်လာတာ မြင်ကြရပါတယ်။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးလောကတွေမှာသာမက ဘာသာရေးလောကမှာပါ အာဏာရူးအကြိုက် အလိုက်ဆောင်တဲ့သူတွေ နယ်ပယ်အစုံမှာ ပေါ်ပေါ်ထင်ထင်ကို မြင်ကြရပါတယ်။

စာပေ ဂီတ ရုပ်ရှင် သဘင်လောကတွေမှာလည်း CDM လုပ် တော်လှန်နေကြသူတွေက အများစု၊ ဘောမအုပ်စုက အနည်းစုပေါ့ဗျာ။ မတရားအာဏာသိမ်းအုပ်စုနဲ့ ပူးပေါင်းသူတွေဟာ နိုင်ငံကို ပျက်စီးရာပျက်စီးကြောင်းလုပ်တဲ့ "ပူးတွဲတရားခံတွေ" ပါပဲ။

အဲသည်လိုအချိန်မှာ အာဏာရူးကြီးတွေက နယ်ပယ်ပေါင်းစုံကလူတွေကို သူတို့ဘက် ပါအောင် ငွေစလေးပြပြပြီး စည်းရုံးသိမ်းသွင်းမှုတွေ ပြုနေကြတာပေါ့။ ရုပ်ရှင်နယ်ပယ်အတွက် သိန်းတစ်ထောင်၊ ဂီတနယ်ပယ်အတွက် သိန်းတစ်ထောင်၊ သဘင်လောကအတွက် သိန်းတစ်ထောင်၊ စာပေရပ်ကွက်အတွက် သိန်းတစ်ထောင် စသဖြင့်ပေါ့ခင်ဗျာ။

အဲသည်မှာ "မသူတော်အချင်းချင်း" သတင်းလွေ့လွေ့ ပေါင်းဖက်တွေ့ကုန်ကြတာပေါ့။ စာပေလောကမှာလည်း ဒီလိုပဲပေါ့။ ပလ္လင်ပေါ် မတော်မတည့် အတင်းတက်ထိုင်နေတဲ့ တိရစ္ဆာန်သာသာ အာဏာရူးတွေက အချိန်တန်တော့ "စာပေဆု"တွေ ဘာတွေ ချီးမြှင့်ဖို့ လုပ်ကြပြန်သဗျ။

"အမျိုးသားစာပေဆု" ဘာညာသာရကာ ပေးကြဖို့ ရွေးကြတဲ့အခါ "ဒီဘက်ခြမ်း" က လူတွေကိုလည်း စည်းရုံးတဲ့အနေနဲ့ ထည့်ရွေးခဲ့ကြပါတယ်။ အဲသည်မှာ ဒီဘက်ခြမ်းကလူတွေ သူတို့ပေးတဲ့ဆုကို အသိအမှတ်မပြုကြဖို့ တက်ပြီးမယူကြဖို့ ဆော်သြ တိုက်တွန်းကြတာတွေလည်း အများကြီးပေါ့ဗျာ။

ဆုကြေးတွေကလည်း သိန်း အစိတ် သုံးဆယ်။ ဒီဘက်ကလူတွေကလည်း ဆုတက်ယူသူတွေကို "သစ္စာဖောက်တွေ" လို့ သတ်မှတ်ကြမှာပေါ့။ ကိုယ်က "ပြိုင်" ထားတာလည်း မဟုတ်။ တစ်နှစ်အတွင်း ထုတ်ဝေဖြန့်ချိထားခဲ့တဲ့ ကိုယ့်စာအုပ်ကို ဟိုက ဆုပေးတာ။ ဂွတော့ ကျတာပေါ့။

"တက်ယူ"ဖို့ကလည်း အခက်။ ပြည်သူမေတ္တာပျက်သွားရင် ပြည်သူက ဒဏ်ခတ်ရင် သိပ်ကိုကြောက်ဖို့ကောင်းတယ်ဆိုတာ ခေတ်အဆက်ဆက် ရှေ့မှာ သင်ခန်းစာတွေကလည်း တစ်ပုံကြီး မဟုတ်ပါလား။

ဖေ့စ်ဘုတ် မက်ဆင်ဂျာမှာ "မောင်သရော်" နဲ့ တွေ့တယ်။ အဲသည်အကြောင်းတွေကို သူနဲ့ ပြောဖြစ်တယ်။ "ဒါများ . . . အခက်လုပ်လို့ ဖေကြီးရာ" " မလွယ်ဘူးထင်တယ် မောင်သရော် ရ" "ဒီမှာ ဖေကြီး... ဒီလို ခေတ်ပျက်ခေတ် ကြပ်ခေတ်ဆိုးကြီးထဲမှာ ကိုယ့်နဂိုအလုပ်တွေအကိုင်တွေ အကုန်လုံး အဖျက်ဆီးခံခဲ့ကြရချိန်မှာ စာရေးဆရာတွေ ဘာဝင်ငွေမှမရှိကြတော့ချိန်မှာ သိန်းအစိတ် သုံးဆယ်ဆိုတာ ရှာဖို့ မလွယ်ဘူးကွ" "ဒီတော့ တက်ယူကြရမယ် ဆိုပါတော့" "တက်ယူကြရမှာပေါ့ဟ"၊ "တက်ယူကြရင် ပြည်သူက မုန်းပြီပေါ့”

" ဟား ဟား ဟား ဟား ဟား ဟား " "မောင်သရော်" အားရပါးရကြီးကို ဟားပါလေ၏ ခင်ဗျာ။ ပြီးတဲ့အခါ ဤသို့သောအကြံကိုပေးကာ လမ်းပြတော်မူခဲ့ပါလေ၏။ "ဆုရတဲ့ဆရာတွေအကုန်လုံး ဆုတက်ယူကြ။ ဆုငွေတွေ လက်ထဲကိုယ်စီ ရောက်လာတဲ့အခါကျမှ အဲသည်ငွေတွေကို CDM သမားတွေနဲ့ PDF တွေကို လူသိရှင်ကြား တစ်ပြားမကျန် အကုန်လုံး ပြန်လှူလိုက်ကြပေါ့ကွာ . . . ဟာ ဟား ဟား ဟား ဟား ဟား ဟား ဟား "

စဉ်းစားကြပေတော့ ဆရာသမားတို့ရေ။     ။

 ဖေကြီး ( လေရှီး )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013