DVB Logo
Home
မြန်မာသတင်း
သွားလာခွင့် ပိတ်ခံထားရသဖြင့် ဖောင်းဆိုင်ဒေသခံ ၂၀၀၀ ခန့် စားနပ်ရိက္ခာ ပြတ်တောက်လာ
DVB
·
January 27, 2022
သွားလာခွင့် ပိတ်ခံထားရသဖြင့် ဖောင်းဆိုင်ဒေသခံ ၂၀၀၀ ခန့် စားနပ်ရိက္ခာ ပြတ်တောက်လာ
1 / 8
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မုံးကိုး ဖောင်းဆိုင်ဒေသက ရွာအချို့ သွားလာခွင့် ပိတ်ထားခံရတာကြောင့် ဒေသခံ ၂၀၀၀ လောက် စားနပ်ရိက္ခာ ပြတ်တောက်လာနေတယ်လို့ ဒေသခံ‌တွေနဲ့ ကူညီပေးနေသူတွ်ဆီက သိရပါတယ်။

ဒေသခံတဦးက “အခု တကယ်ကို ရိက္ခာက ပြတ်တောက်လုနီးပါး ဖြစ်နေလို့ ဖြစ်သလို ရှိတာနဲ့ ချွေတာ စားနေကြရတယ်။ ကြံခုတ်လို့ ရထားတဲ့ ပိုက်ဆံတွေလည်း ကုန်လာပြီ။ ဘာမှ လုပ်လို့မရတော့ တော်တော်ခက်ခဲလာပြီ” လို့ ပြောပါတယ်။

လတ်တလော နှစ်ဖက်တိုက်ပွဲအခြေအနေ ငြိမ်နေပေမယ့် တိုက်ပွဲရှောင်‌နေရဆဲဖြစ်တဲ့ လရှပ်နဲ့ ဘန်မွေးရွာတို့က နေအိမ်ပြန်လို့ မရသေးတဲ့အပြင် ဖောင်းဆိုင်ဒေသက ရွာအချို့ကို သွားလာခွင့် ပိတ်ထားလို့ စားနပ်ရိက္ခာ ပြတ်တောက်လာပြီး ဒုက္ခရောက်နေတာလို့ မုံးကိုး ဒေသခံတဦးက ပြောပါတယ်။

“သွားလာခွင့် ပိတ်ထားတဲ့ နေရာတွေဘက်ထဲ ဈေးမရှိတော့ သွားဝယ်စားဖို့လည်း မလွယ်သလို သွားပို့ပေးဖို့လည်း မလွယ်ဘူး။ လက်ရှိ ကျနော်တို့ မုံးကိုး‌ေကျတော့ အရမ်းခက်ခဲတဲ့ သူတွေထက်စာရင် လောလောဆယ် စားဖို့တော့ ရပါသေးတယ်။”

သွားလာခွင့် ပိတ်ထားခံရတာကြောင့် ခက်ခဲနေတဲ့ရွာတွေက ဘန်မွေး၊ မန်းယန်၊ လရှပ်၊ ဘူဝမ်၊ မန်ဆာ၊ တာချင့်၊ တာကျင်းထုန်၊ ဟူထူရှန်၊ ပန်ခမ်း၊ ဘော်မ်ဇော်ပ်၊ မန်ခါး၊ ရှောဝ်ဆွီဇိ၊ ဘန်ဂေါ်၊ ကောင်းဘုတ်၊ လွယ်ခမ်း၊ လွယ်ဒန့် တို့ဖြစ်တယ်လို့ ဆိုပါတယ်။

ကောင်းဘုတ်နဲ့ အခြား သုံး၊ လေးရွာလည်း ပိတ်ထားခြင်းခံရပြီး ကောင်းဘုတ်၊ လွယ်ခမ်း၊ လွယ်ဒန် က ပြည်သူတွေ ဖောင်းဆိုင်ဘက် သွားလို့မရတာကြောင့် ခြေလျင်ခရီး ၃ နာရီလောက်ဝေးတဲ့ နမ့်ဝါရွာမှာ ဆန်၊ ဆီ၊ ဆား  တွေ သွားဝယ်ရပြီး မုံးကိုးချောင်းပါ ဖြတ်ရတာကြောင့် မိုးတွင်းမှာ အရမ်းခက်ခဲသလို မုံးယ နဲ့ မုံးစီးဘက်လည်း ပိုဝေးပေမယ့် စားသောက်စရာ သွားဝယ်နေတယ်လို့ ကောင်းဘုတ် ရွာခံတဦးက ပြောပါတယ်။

“လမ်းကျဉ်းကနေပဲ သွားရတယ်။ သွားလာရ အရမ်းခက်ခဲနေတယ်။ ဆိုင်ကယ်ရှိရင်လည်း အများစုက ဆီဖိုးက မတတ်နိုင်ဘူး။ ပြီးခဲ့တဲနှစ်လည်း မိုးတွင်းကျရင် မုံးကိုးချောင်း ရေကြီးလို့ သွားရခက်တယ်။” 

လက်ရှိ အားပြုစိုက်ပျိုးထားတာ ကြံပင်တွေ ခုတ်ချိန်ရောက်လာရင် မခုတ်ယူနိုင်မှာ အလွန် စိုးရိမ်တယ်လို့ လူငယ်တဦးက ပြောပါတယ်။

“ဝင်ငွေလည်း မရှိတော့ အစားအသောက် ဘာနဲ့ သွားဝယ်စားရမှာလဲ။ စစ်ရှောင်တွေကို ကူညီမယ့်သူတွေရှိတယ်။ မရှောင်ရတဲ့ရွာတွေလည်း ဘယ်မှ သွားလာလုပ်ကိုင်လို့မရဘူး။ ပိတ်ထားတယ်။ အရမ်းခက်နေတယ်။” 

ကိုးကန့် MNDAA ထိန်းချုပ်နယ်မြေဘက်ကို ပစ္စည်းတွေပို့လို့ရပေမယ့် ကိုဗစ် စည်းကမ်းသတ်မှတ်ချက်တွေကြောင့် နယ်မြေအဝင်ဂိတ်မှာ ပစ္စည်းတွေကို  အားလုံး ဖွင့်ဖောက် စစ်ဆေးကာ ၂ ရက် (၄၈ နာရီ) ကြာ ကွာရန်တင်းထားပြီးမှ ပြန်သယ်ယူရတာကြောင့် ခက်ခဲကြန့်ကြာပြီး ဂိတ်ဖြတ်ကူးဖို့ ခေါက်တိုငှားရမ်းတဲ့ စရိတ်က အဆမတန် ဈေးကြီးကြောင်း စစ်ရှောင် ပြည်သူတဦးက ပြောပါတယ်။

“ဆန်တွေ၊ စားနပ်ရိက္ခာ၊ ပစ္စည်းတွေ ပို့မယ်ဆိုရင် သယ်ယူပို့ဆောင်သူတွေကို သီးသန့် ပိုက်ဆံ ပြန်ပေးရတယ်။ နည်းနည်းလေး ကယ့်ပေးတာ တော်တော်ကုန်လို့ ကုန်ကျစရိတ် တော်တော် ခက်ခဲတယ်။” 

စစ်ကောင်စီ ထိန်းချုပ်တဲ့ နေရာဘက်မှာတော့ ဈေးပတ်ကုန်ကလွဲလို့ စစ်ရှောင်၊ ပရဟိတ၊ အဖွဲ့အစည်း စတဲ့အများအတွက် ရည်ရွယ်တဲ့ ပစ္စည်းတွေ သယ်ယူပို့ဆောင်ခွင့်မပြုတဲ့အပြင် မြင်ဖူးနေကျမဟုတ်ပဲ မသိတဲ့ ကားသူစိမ်းတွေဆို လုံးဝ ဖြတ်သန်းသွားလာခွင့်မပြုတာကြောင့် ကူညီထောက်ပံ့မှုမရဘဲ ပိုမိုခက်ခဲလာတယ်လို့ ဆိုပါတယ်။

"စစ်ရှောင်တွေ ဘာတွေ အများအတွက် ဆိုပြီး ပြောလို့မရဘူး။ အဖွဲ့အစည်းတွေ အနေနဲ့လည်း လုံးဝ ပြောလို့ မရပါဘူး။ အရောင်းအဝယ် ဈေးပါတ်ကုန်ပဲ ယူခွင့်ပြုတယ်။ သူတို့ မသိတဲ့၊ တစ်ခါမှ မသွားဖူးတဲ့ ကားသူစိမ်းတွေကျရင် အရမ်းခက်တယ်။ စစ်ကောင်စီက လုံးဝမဖြတ်ခိုင်းဘူး။ အမြဲတမ်း သိကျွမ်းတဲ့ ဖြတ်သွား ဖြတ်လာ မြင်တွေ့နေကျသူတွေပဲ ရတယ်။"

တိုက်ပွဲရှောင်ရတဲ့ ရွာက လရှပ်နဲ့ ဘန်မွေးရွာမှာ အိမ်ခြေ ၁၀၀ ကျော်၊ လူဦးရေ ၃၀၀ ‌ကျော်ရှိပြီး ကိုးကန့် ထိန်းချုပ်နယ်မြေဘက် ရွာ ၁၅ ရွာလောက်မှာတော့ အိမ်ထောင်စု ၅၀၀ ခန့်၊ လူဦးရေ ၂၀၀၀ ဝန်းကျင်ရှိကြောင်း ဒေသတွင်း ကူညီခန့်ခွဲနေသူ ၁ ဦးက ပြောပါတယ်။

ဖောင်းဆိုင်ဒေသအတွင်း ပြီးခဲ့တဲ့  ဇူလိုင်လကစတင်ကာ ကိုးကန့် MNDAA တပ်နဲ့ စစ်ကောင်စီတတ်တို့ တကျော့ပြန် တိုက်ပွဲ ပြင်းပြင်းထန်ထန် ပြန်လည်ဖြစ်ပွားလာတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013