DVB Logo
Home
မြန်မာသတင်း
ထိုင်းဆန္ဒပြပွဲများကြောင့် ၄ နှစ်ဗီဇာပြည့် အလုပ်သမားများ အခက်တွေ့
DVB
·
February 7, 2014
ထိုင်းဆန္ဒပြပွဲများကြောင့် ၄ နှစ်ဗီဇာပြည့် အလုပ်သမားများ အခက်တွေ့
Donate to DVB

ထိုင်းနိုင်ငံမှာ ဆန္ဒပြပွဲတွေဖြစ်နေတာ သုံးလကျော်ကြာမြင့်လာတဲ့အတွက် ဗီဇာသက်တမ်းပြည့် ရွှေ့ပြောင်းအလုပ်သမားတွေအတွက် တိကျတဲ့ဝန်ဆောင်မှု လုပ်ငန်းစဉ်တွေ မဆောင်ရွက်နိုင်လို့ အလုပ်သမားတွေ အခက်တွေ့နေရပါတယ်။

myanmar workerရွှေ့ပြောင်းအလုပ်သမားဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ ၄ နှစ်ပဲ အလုပ်လုပ်ခွင့် ရှိပြီး ၄ နှစ်ပြည့်ရင် ပတ်စပို့အသစ်၊ ဗီဇာအသစ် ပြန်လဲရမယ်လို့ ဆိုထားပါတယ်။
ဒါပေမယ့် ရက်ဆက်ဆန္ဒပြပွဲတွေကြောင့် နယ်စပ် နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးစခန်းတွေ မဖွင့်နိုင်သေးလို့ အလုပ်သမားတွေ အခက်တွေ့ နေရတာဖြစ်ပါတယ်။

ဗီဇာသက်တမ်းလွန် အလုပ်သမားတွေရဲ့ အခက်အခဲကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ချုပ် ဒါရိုက်တာ ဦးကျော်သောင်းက ခုလိုပြောပါတယ်။
“၄ နှစ်ဗီဇာပြည့်တာနဲ့ သူတို့မှာ သက်တမ်းကုန်ပြီ၊ သက်တမ်းကုန်ရင် နံပါတ် ၁ အလုပ်ရှင်က ပြဿနာရှာတယ်။ နံပါတ် ၂ ပွဲစားတွေက နည်းအမျိုးမျိုးနဲ့ သူတို့အားနည်းချက်ကို အခွင့်ကောင်းယူပြီးမှ လုပ်ပေးမယ် ဘာညာပြောပြီး ပိုက်ဆံယူတယ်။ နံပါတ် ၃ က အဲဒီ အားနည်းချက်ရှိတာမှာ နဂိုကတည်းကိုက ဗမာဆိုရင် ဖမ်းချင်နေတဲ့ ထိုင်းပုလိပ်တွေက စာအုပ်တောင်းကြည့်ပြီး စာအုပ်လှန်ကြည့်တယ်။ ၂ နိုင်ငံအစိုးရက ထောက်ခံပေးတဲ့ လက်မှတ်မရှိ ရင် ငွေတောင်းတော့တာပေါ့။ သူတို့မှာ အဲလိုဖြစ်နေတာ။”

မဟာချိုင်မှာ အလုပ်သမား ၁၄ ယောက်က ပတ်စပို့လုပ်ဖို့ ပွဲစားဆီငွေ ၁ ယောက် ဘတ် ၄ ထောင် ပေးထားပေးမယ့် ခုထိ လက်မှတ်မရလို့ ငွေပြန်တောင်းတဲ့အခါ ပြဿနာဖြစ်ကြောင်း၊ ပွဲစားက အကွက်ဆင်အမှုလုပ်တဲ့အတွက် ၁ ဦးကို ရဲက ဖမ်းထားကြောင်း သူက ရှင်းပြပါတယ်။

၎ နှစ်ပြည့်ဗီဇာလွန်တဲ့ အလုပ်သမားတွေထံက အခက်အခဲတွေကို နေ့စဉ် ကြားနေရကြောင်းနဲ့ ဒီကိစ္စတွေကို နှစ်နိုင်ငံ တာဝန်ရှိသူတွေကသာ ဖြေရှင်းပေးမှ ဖြစ်မယ်လို့ ပြောပါတယ်။
အလုပ်သမားတွေက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အလုပ်သမားသံအရာရှိကို ဆက်သွယ်ကြပေမယ့် မထိရောက်ကြောင်း၊ ထိုင်းနိုင်ငံရောက် သန်းနဲ့ချီတဲ့ မြန်မာအလုပ်သမား ပြဿနာတွေကို သံအရာရှိတဦးတည်းနဲ့ ဖြေရှင်းမပေးနိုင်တာကြောင့် သံအရာရှိဦးရေ တိုးမြှင့် ခန့်ထားဖို့ လိုအပ်ကြောင်း ဦးကျော်သောင်းက အကြံပြုပါတယ်။

အလုပ်သမားတွေဟာ ၄ နှစ်ဗီဇာပြည့်သွားပြီဆိုရင် အလုပ်ရှင်နဲ့အတူ သက်ဆိုင်ရာ အလုပ်သမားရုံးကို သွားပြီး သတင်းပို့ထားဖို့ နယ်စပ် ၂ ဘက်နိုင်ငံ လ၀က ရုံးမှာသွားပြီး တံဆိပ် ထုဖို့ ထိုင်း-မြန်မာသံရုံးကကော ထိုင်းအလုပ်သမားရုံးတွေကပါ သတိပေးထားတာတွေရှိပေမယ့် လက်တွေ့မှာ လိုက်နာဖို့ အခက်အခဲတွေ ရှိနေကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်က ခုလိုပြောပါတယ်။

“အခုလို လုပ်လို့ရတယ်ဆိုတာက မှန်တယ်။ သို့သော် ထိုင်းနိုင်ငံအစိုးရက တရားဝင် သတ်မှတ်ပြီးမှ နယ်စပ်မှာ ၀မ်းစတော့ပ်ဆားဗစ်စင်တာတွေ ဖွင့်ပြီးမှသာလျှင် အဲဒီ အလုပ်သမားက ထွက်လို့ဝင်လို့ရမှာ ခုလောလောဆယ် ထိုင်းအစိုးရကိုယ်တိုင်ဘာမှ အလုပ် မလုပ်နိုင်ဘူး။ ယန္တရားတွေ အကုန်လုံးရပ်ဆိုင်းထားရတဲ့ အတွက်ကြောင့်၊ ဒီလူတွေက ထွက်သွားပြီးရင်လည်း ပြန်ဝင်လို့မရတော့ဘူး။ ကိုယ့်နိုင်ငံမှာလည်း အလုပ်အကိုင်က အဆင်မပြေသေးဘူး။ အဲဒါကြောင့် အလုပ်သမားတွေက ဒီမှာပဲ ပေကပ်ပြီးနေနေရတာပါ။”

ထိုင်းနိုင်ငံမှာ လက်ရှိ ၄ နှစ်ဗီဇာပြည့် မြန်မာအလုပ်သမားတွေ သိန်းဂဏန်းထိ ရှိသွားပြီလို့ ဦးအောင်ကျော်က ပြောပါတယ်။
ဒီပြဿနာတွေ ဖြေရှင်းရေးနဲ့ ထိုင်း-မြန်မာနယ်စပ်မှာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး စခန်း ၅ ခု ဖွင့်လှစ်မယ့် နောက်ဆုံးဆောင်ရွက်မှု အခြေအနေတွေ သိရဖို့ ထိုင်းနိုင်ငံ မြန်မာသံရုံးက အလုပ်သမားသံအရာရှိကို မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013