DVB Logo
Home
မြန်မာသတင်း
ယူနတီဂျာနယ် ရုံးအဖွဲ့မှူး စစ်ကြောရေးက ပြန်လွတ်
DVB
·
February 6, 2014
ယူနတီဂျာနယ် ရုံးအဖွဲ့မှူး စစ်ကြောရေးက ပြန်လွတ်
Donate to DVB

လျှို့ဝှက်ဓာတုလက်နက်စက်ရုံ ဆောင်းပါး ရေးသားဖော်ပြမှုနဲ့ ဖမ်းဆီးအရေးယူ ခံထားရတဲ့ ယူနတီဂျာနယ်က ရုံးအဖွဲ့မှူး ဦးအောင်ဝင်းထွန်းကို အောင်သပြေ စစ်ကြောရေးမှာ အာဏာပိုင်တွေက ခေါ်ယူထိန်းသိမ်း စစ်ဆေးမှုတွေပြုလုပ်ပြီး ပြန်လွှတ်ပေးလိုက်ပါတယ်။

[caption id="attachment_51341" align="alignright" width="300"]ကိုအောင်ဝင်းထွန်း ယူနတီဂျာနယ် ရုံးအဖွဲ့မှူး ကိုအောင်ဝင်းထွန်း[/caption]ဖေဖော်ဝါရီ ၅ ရက်နေ့မနက်ကတည်းက ပုဇွန်တောင်မြို့နယ် လက်ဖက်ရည်ဆိုင် တဆိုင်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အောင်သပြေ စစ်ကြောရေးမှာ တနေကုန် စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ည ၇ နာနီလောက်မှာ ပြန်လွှတ်ပေးခဲ့တာလို့ ဦးအောင်ဝင်းထွန်းက ဒီဗွီဘီကို ခုလိုပြောပါတယ်။

“ကျနော်တို့က လက်ဖက်ရည်ဆိုင်ကနေ အောင်သပြေ စစ်ကြောရေးကို ခေါ်သွားပါတယ်။ ယူနတီ ဂျာနယ်မှာပါတဲ့ ဆောင်းပါးနဲ့ပတ်သက်ပြီး သတင်းကို ဘယ်သူပို့လဲ ဘယ်ကရလဲ အဲဒါတွေ မေးတယ်။ အေးအေးဆေးဆေးပါပဲ။ သတင်းနဲ့ ပတ်သက်လို့ သိချင်တာတွေ မေးတာပါပဲ။”

ယူနတီဂျာနယ်က သတင်းထောက် ၄ ဦးနဲ့ အမှုဆောင်အရာရှိချုပ် ၁ ဦး စုစုပေါင်း ၅ ဦးကို သက်ဆိုင်ရာက နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေပုဒ်မ ၃ (၁) (က) / ၉ နဲ့ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေတာပါ။

ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာတော့ ဇန်န၀ါရီ ၂၅ ရက်ထုတ် ယူနတီဂျာနယ်မှာ ဖော်ပြခဲ့တဲ့ လျှို့ဝှက် ဓာတုလက်နက် စက်ရုံသတင်းဟာ နိုင်ငံတော်လျှို့ဝှက်ချက်တွေကို ပေါက်ကြားစေတာ၊ စက်ရုံတားမြစ်နယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ချည်းကပ်ကြည့်ရှု စစ်ဆေးတာ၊ ကျော်ဖြတ်ဝင်ရောက်တာနဲ့ အားပေးကူညီတာတွေကြောင့် သတင်းရေးသူနဲ့ ဂျာနယ်တိုက် တာဝန်ရှိသူတွေကို စုံစမ်းအရေးယူပေးဖို့ သက်ဆိုင်ရာက တရားလိုပြုလုပ် တိုင်တန်းလာတဲ့အတွက် ခုလို အမှုဖွင့် အရေးယူထားတာလို့ သတင်းထုတ်ပြန်ထားပါတယ်။

လက်တလော ဖမ်းဆီးထိန်းသိမ်း စစ်ဆေးခံထားရသူတွေကတော့ ယူနတီဂျာနယ် အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်း၊ သတင်းထောက် ဦးလူမော်နိုင်၊ ဦးရာဇာဦး၊ ဦးစည်သူစိုး၊ ဦးပိုင်သက်ကျော်တို့ ဖြစ်ပါတယ်။ ဦးလူမော်နိုင်ကို ပခုက္ကူထောင်မှာ ထိန်းသိမ်းထားတာဖြစ်ပြီး ကျန်သူတွေကိုတော့ ရန်ကုန် အင်းစိန်ထောင်မှာ ထိန်းသိမ်းထားပါတယ်။

ဦးလူမော်နိုင်ရဲ့ ဇနီးဖြစ်သူ ဒေါ်လွင်လွင်မြင့်ကိုလည်း ထိန်းသိမ်းမေးမြန်းမှုတွေ ပြုလုပ်ခဲ့ပြီး ပခုက္ကူထောင်က အာမခံနဲ့ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၅ ရက်နေ့ ဦးလူမော်နိုင်နဲ့ တွေ့ခွင့်ရခဲ့တဲ့ ဇနီးဖြစ်သူ ဒေါ်လွင်လွင်မြင့်က သူတို့မိသားစုကို ဖမ်းဆီး စစ်ဆေးနေမှုတွေနဲ့ ပတ်သက်ပြီး ခုလိုပြောပါတယ်။

“၂ နာရီခွဲလောက်က တွေ့ရတယ်။ ၃ နာရီကျော်ကျော်လောက်မှာ ပြန်ထွက်လာတယ်။ ၁ နာရီ လောက်ပဲ စကားပြောရတယ်။ ကိုလူမော်နဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ဘေးမှာ ထောင်မှူးက ထိုင်ပြီး ကျမတို့ ပြောသမျှအားလုံးကို မှတ်တမ်းယူနေတယ်။ ကိုလူမော်နိုင်ကတော့ အမြန်ဆုံး လွတ်ဖို့ ပြောပါပေါ့။ အက်စ်ဘီနဲ့ သွားတွေ့ပါ။ သမ္မတကို စာရေးပါပေါ့။ ဒါက လယ်ယာမြေ ကိစ္စကို ဇောင်းပေးပြီး ရေးတဲ့ အရေးအသားပဲ ဖြစ်တယ်။ စက်ရုံကိစ္စ ဘာမှ မသိဘူးပေါ့။ ကျမပြော ချင်တာက သူတို့ စွဲထားတဲ့ ပုဒ်မက တအားကို ကြီးလွန်းတယ်။ နိုင်ငံတော်လျှို့ဝှက် ပေါက်ကြားမှု ဥပဒေဆိုတာ ဒီပုဒ်မကို ပြန်စဉ်းစားရင် ကြီးလွန်းတယ်။ ဒါကြောင့်မို့လို့ ဒီသတင်းထောက်တွေအနေနဲ့ လူထုကို မျက်နှာမူတဲ့ သတင်းထောက်တွေသာ ဖြစ်တယ်ပေါ့။ ကိုတင့်ဆန်း အပါအ၀င် သတင်းထောက်အားလုံးကို ပြန်လွှတ်ပေးပါလို့ တောင်းဆိုချင်ပါတယ်။”

ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးဖို့အတွက် ယူနတီဂျာနယ် တာဝန်ရှိသူတွေနဲ့ မိသားစုဝင်တွေက ဥပဒေကြောင်းအရဆောင်ရွက်ဖို့ ရှေ့နေနဲ့ တိုင်ပင်ညှိနှိုင်းမှုတွေ လုပ်ဆောင်နေပါတယ်။

ဥပဒေကျွမ်းကျင်သူ တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးကတော့ ဒီကိစ္စ ဂျာနယ်မှာ ပါရုံ သက်သက်နဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ကို ပေါက်ကြားတယ် ပြောလို့မရဘူးလို့ ပြောပါတယ်။

“ဒီစက်ရုံရဲ့ သတင်းကို ဂျာနယ်မှာပါတာ သက်သက်နဲ့ လျှို့ဝှက်ချက် ဥပဒေ ချိုးဖောက်တယ်လို့ ပြောလို့ မရဘူး။ သူတို့က လျှို့ဝှက်ထားရမယ့် စက်ရုံတခု စခန်းတခုကို ၀င်ရောက် အနီးကပ်သွားပြီး ကျူးကျော် ထောက်လှမ်းလေ့လာမှုရှိမှသာလျှင် ဥပဒေနဲ့ ငြိစွန်းမှာပေါ့။ အခုဟာက စက်ရုံရှိတယ်ဆိုတာကို စက်ရုံမှာရှိတဲ့ တယောက်ယောက်ကတဆင့် အသိပေးလို့ သတင်းရေးတာက အပြစ်မှ မရှိတာ။ လျှို့ဝှက်ချက် ဥပဒေနဲ့ အရေးယူလို့ မရဘူး။”

ဥပဒေအရ လျှို့ဝှက်ချက် ပေါက်ကြားမှုအတွက် ပြစ်ဒဏ်အနေနဲ့ ကြည်း၊ ရေ၊ လေတပ်ဖွဲ့တွေနဲ့ ပတ်သက်တဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားရင် အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်ဖြစ်ပြီး တခြား အကြောင်းအရာတွေ ပေါက်ကြားမှု ဆိုရင်တော့ ထောင်ဒဏ် ၃ နှစ်လို့ ပြဋ္ဌာန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013