DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဆန် တရုတ်နိုင်ငံကို ၁ ရက် တန်ချိန် ၁၅၀၀ ခန့် တင်ပို့
DVB
·
February 6, 2014
မြန်မာ့ဆန် တရုတ်နိုင်ငံကို ၁ ရက် တန်ချိန် ၁၅၀၀ ခန့် တင်ပို့
Donate to DVB

မြန်မာနဲ့တရုတ် နှစ်နိုင်ငံ နယ်စပ်စခန်းဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်းကနေတဆင့် တရုတ်နိုင်ငံဆီ မြန်မာ့ဧည့်မထ ၂၅ မတ်ဆန် တင်ပို့မှုက ၁ ရက်ကို ဆန်မက်ထရစ် တန်ချိန် ၁၅၀၀ တင်ပို့မှုရှိပေမယ့် ပြီးခဲ့တဲ့နှစ် တင်ပို့မှုပမာဏကို မပြည့်မီသေးဘူးလို့ မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်းက ပြောပါတယ်။။

ပြည်ပနိုင်ငံတွေဆီ မြန်မာ့ဧည့်မထ ၂၅ မတ်ဆန်တင်ပို့မှုက အခုဘဏ္ဍာနှစ်ဖြစ်တဲ့ ဧပြီလကစလို့ ဇန်န၀ါရီလထိမထရစ်တန်ချိန် ၉ သိန်း တင်ပို့ထားတဲ့အနက် တန်ချိန် ၅ သိန်းကျော်က ၁၀၅ မိုင် နယ်စပ်စခန်းကတဆင့် တရုတ် နိုင်ငံကို တင်ပို့ထားတာပါ။

Rice 2ဒါပေမယ့် ကာလတူ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က မက်ထရစ်တန်ချိန် ၈ သိန်း နီးပါး တင်ပို့ခဲ့တာကြောင့် ယင်းပမာဏကို မပြည့်မီသေးဘူးလို့ မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ဒီဗွီဘီကို ပြောပါတယ်။

“မနှစ်က တင်ပို့မှုကို မမီဘူးဆိုတာက ကျနော်တို့က ယခင်နှစ်တုန်းက တောက်လျှောက်တနှစ်လုံး ပို့တယ်။ ဒီ ၂၀၁၃ -၁၄ ဘဏ္ဍာနှစ်ထဲ ၆ လပိုင်း ၇ လပိုင်း ၈ လပိုင်းမှာ ဒေသတွင်းမှာ ဆန်ဈေးနည်းနည်းတက်နေတဲ့ အတွက်ကြောင့် တရုတ်နဲ့ မကိုက်လို့ မပို့ရဘူး။ ၃ လလောက်က ရပ်နေရတယ်။ နောက်တခုက တရုတ်ကို ပို့တာက ကုန်းလမ်းဖြစ်တဲ့အတွက် အတိုင်းအတာရှိတယ်။ အများကြီး သယ်လို့ မရဘူး။ ကားလေးတွေနဲ့ အခေါက်ခေါက် သယ်ရတယ်။”

မြန်မာ့ဧည့်မထ၂၅ မတ်ဆန်က ပြည်ပဈေးကွက်အနေနဲ့ အာဖရိကနဲ့ တရုတ်နိုင်ငံတွေဆီ အဓိကတင်ပို့နေပြီး ၁ နှစ်ကို ပျမ်းမျှ မက်ထရစ်တန်ချိန် ၆ သိန်းလောက် အာဖရိကဈေးကွက်က ၀ယ်ယူမှုရှိသလို တရုတ်နိုင်ငံကလည်း ပျမ်းမျှ မက်ထရစ်တန်ချိန် ၈ သိန်းအထက်မှာ ၀ယ်ယူတင်သွင်းမှု ရှိနေတာပါ။

ဈေးနှုန်းအရကြည့်မယ်ဆိုရင် အာဖရိကဈေးကွက်က ဧည့်မထ ၂၅ မတ်ဆန် ၁ တန်ကို အမေကန်ဒေါ်လာ ၃၂၀ နဲ့ ၃၄၀ ကြားသာရရှိပြီး တရုတ်ဈေးကွက်ကတော့ ကန်ဒေါ်လာ ၃၈၀ နဲ့ ၀ယ်ယူမှု ရှိပါတယ်။

ဒီ့ပြင် တရုတ်အစိုးရက သူ့နိုင်ငံရဲ့ ပြည်တွင်းစားသုံးမှုအတွက် ဆန်မက်ထရစ်တန်ချိန် ၁ သန်းကျော်ကို ထိုင်းအစိုးရဆီကနေ ၀ယ်ယူတင်သွင်းမယ့် အစီစဉ်ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

ဒါကြောင့် ဒီအခွင့်အရေးကိုရရှိဖို့အတွက် တရုတ်ရဲ့အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ ကမ္ဘောဒီးယား နိုင်ငံတွေနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုအလားအလာ ရှိနိုင်သလဲဆိုတာကို ၁၀၅ မိုင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးချမ်းသာဦးက အခုလိုပြောပါတယ်။

“တရုတ်ပြည်အနေအထားအနေနဲ့ မြန်မာပြည်အတွက်က အခွင့်အရေးအများကြီးရှိတယ်။ ဗီယက်နန် နယ်စပ်က ဆန်ဝင်တယ်ဆိုပေမယ့် ပမာဏ အများအပြားကို တရုတ်က ပေးမ၀င်ဘူး။ မြန်မာပြည်က တရုတ်ကို ဆန်ဝင်တဲ့ ပမာဏက များတယ်။ တရုတ်နဲ့ မြန်မာက နှစ်နိုင်ငံ ချစ်ကြည်ရေးအရ တရုတ်ဘက် အခွင့်အရေး ပေးတာ များတယ်။”

၁၀၅ မိုင် နယ်စပ်စခန်းကတဆင့် တရုတ်နိုင်ငံဆီ စီးဆင်းမှုရှိနေတဲ့ မြန်မာ့ဧည့်မထ ၂၅ မတ်ဆန်တွေက ဆန်ပိုဒေသတွေဖြစ်တဲ့ ပဲခူး၊ ဧရာဝတီနဲ့ ရန်ကုန်တိုင်းဒေသကြီးတွေကနေ ထွက်ရှိတာဖြစ်ပြီး နေ့စဉ် ဆန်စီးဆင်းမှုရှိနေပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အခုဘဏ္ဍာနှစ်မှာ မက်ထရစ်တန်ချိန် ၁ ဒသမ ၅ သန်းခန့် ဆန်တင်ပို့နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013