DVB Logo
Home
စိုက်ပျိုးရေး/တောင်သူလယ်သမား
ကရင်စစ်ဘေးရှောင်များ လယ်ယာ၊ ဥယျာဥ်ခြံလုပ်ငန်းများ စွန့်ပစ်ထားခဲ့ရသဖြင့် အခက်ကြုံ
DVB
·
January 25, 2022
ကရင်စစ်ဘေးရှောင်များ လယ်ယာ၊ ဥယျာဥ်ခြံလုပ်ငန်းများ စွန့်ပစ်ထားခဲ့ရသဖြင့် အခက်ကြုံ
Donate to DVB

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ မိမိတို့အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ လယ်ယာ၊ ဥယျာဥ်ခြံလုပ်ငန်းတွေကို လုပ်ကိုင်နိုင်ခြင်းမရှိတဲ့အတွက် စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ  မိမိတို့ရဲ့ အိုးအိမ်တွေကိုရော လယ်ယာတွေကိုပါ စွန့်ပစ်ထားခဲ့ရပြီး မိမိတို့ ဆွေမျိုးတွေရှိရာ ကျေးရွာတွေနဲ့ နီးစပ်ရာကျေးရွာတွေဆီမှာ သွားရောက် ခိုလှုံနေကြရတာပါ။

အံဖကြီးကျေးရွာ ဒေသခံတစ်ဦးက"အခုက စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေ သိမ်းချိန်လေ။ အခုပစ်ထားရတော့ အကုန်ဆုံးရှုံးကုန်ပြီ။ လူတွေက ထွက်မပြေးရင်လည်း အသက်အန္တရာယ်က စိုးရိမ်ရတော့ အကုန်ထားခဲ့ရတယ်။ အခုတောင်စားသောက်ရေးက အခက်အခဲတွေ ဖြစ်နေပြီ။ ရေရှည်တာ တိုက်ပွဲတွေဖြစ်နေမယ်ဆိုရင် မတွေးရဲတော့ဘူး" လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ တပ်တွေဟာ လူနေအိမ်တွေမှာ အခြေပြုလှုပ်ရှားနေတာဖြစ်ပြီး၊ ကျေးရွာအတွင်းက ပြည်သူတွေ မွေးမြူထားတဲ့  တိရစ္ဆာန်တွေကိုလည်း  ခိုးယူစားသောက်တာ​တွေ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ကော့ကရိတ်မြို့နယ် ကေအန်ယူ တပ်မဟာ ၆ နယ်မြေအတွင်းမှာ စစ်ကောင်စီရဲ့ တပ်တွေက အင်အားတိုးပြီး စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက်    ကျေးရွာ ၂၇ ရွာက ဒေသခံပြည်သူ  ၂၀၀၀၀ ကျော်ဟာ တိုက်ပွဲတွေ ပိုမိုပြင်းထန်လာမှာ စိုးရိမ်တဲ့အတွက် ဇန်နဝါရီ ၂၃ ရက်နေ့ကစတင်ပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ 

မြို့ဟောင်းကျေးရွာသားတစ်ဦးက"မပြေးလို့ မရဘူး။ စစ်တပ်က လူအင်အားတွေ တိုးပြီး ရွာထဲတွေမှာ တပ်စွဲထားတယ်။ တိုက်ပွဲဖြစ်ရင် ရွာသားတွေကို အကာအကွယ် သဘောလုပ်နေတာ။  ပြီးရင် ရွာသားတွေကို ဖမ်းဆီးတာ၊ နှိပ်စက်တာကြားတော့ ကြောက်လန့်ပြီး ထွက်ပြေးကြတာ"လို့ ပြောပါတယ်။

ကေအန်ယူတပ်မဟာ ၆ နယ်မြေကို စစ်ကောင်စီရဲ့ ခလရ ၂၃၀ ၊ ၂၃၁ ၊ ခမရ ၅၄၅ ၊ ၅၄၆ ၊ တပ်မ ၂၂ လက်အောက်ခံ တပ်ရင်းတွေက နယ်မြေကျော်ဝင်ရောက်ပြီး ကမိုင်ကုန်း၊ အံဖလေး၊ အံဖကြီးကျေးရွာအတွင်းနဲ့ အနီးတဝိုက်မှာ တပ်စွဲထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

တပ်မဟာ ၆ နယ်မြေအတွင်း ဇန်နဝါရီ ၇ ရက်မှ ၂၃ ရက်အထိ စစ်ကောင်စီက နယ်မြေကျူးကျော် ထိုးစစ်ဆင်ပြီး  မြေပြင်ကနေ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့အတူ လေကြောင်းကနေ ဗုံးကြဲတဲ့အတွက်  ဒေသခံ ​ကျေးရွာသား ၁၂ ဦး ဒဏ်ရာရပြီး ၁ ဦးသေဆုံးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013