
စစ်တပ်က သိမ်းထားတဲ့မြေတွေထဲက နောက်ထပ် ဧက ၁ သိန်းခွဲကျော် ပြန်ပေးမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက စာရင်းဇယားနဲ့ တကွ ထုတ်ပြန်ပါတယ်။
နဂိုက သိမ်းဆည်းမြေဧက ၅ သောင်းကျော်ကို စွန့်လွှတ်ကာ မူလပိုင်ရှင်တွေကို ပြန်ပေးပြီး ဖြစ်လို့ ခေတ်အဆက်ဆက် စစ်တပ်က သိမ်းဆည်းထားသမျှ မြေတွေထဲက စုစုပေါင်း ဧက ၂ သိန်းကျော် ပြန်ပေးတဲ့သဘောလည်း ဖြစ်ပါတယ်။
တပ်မတော်ဟာ မြေသိမ်းလုပ်ငန်းတွေ ဆက်လုပ်တော့မှာ မဟုတ်ဘဲ သိမ်းထားပြီး ပြန်ပေးလို့ရတဲ့ မြေတွေကို ပြန်ပေးမယ့် မြေစွန့်လုပ်ငန်းပဲ လုပ်တော့မယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဒုဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ဖေဖော်ဝါရီ ၅ ရက်နေ့က ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ ပြောပါတယ်။
ဒါပေမယ့် လက်တွေ့အခြေအနေ တပ်မတော် တပ်ရင်းတပ်ဖွဲ့တွေဟာ သိမ်းထားတဲ့မြေတွေကို ခြံစည်းရုံး ကာရံနေတာ၊ သိမ်းထားတဲ့မြေထဲ ၀င်ရောက် ထွန်ယက်သူ လယ်သမားတွေကို ရုံးတင် တရားစွဲတာတွေ ဆက်ပြီး လုပ်နေဆဲ ဖြစ်ကြောင်း အန်အယ်လ်ဒီပါတီ အမတ် ဦးဝင်းမြင့်ကလည်း လယ်သိမ်းမြေသိမ်းကိစ္စ လွှတ်တော်တွင်း ဆွေးနွေးစဉ် ဝေဖန်ခဲ့ဖူးပါတယ်။











