DVB Logo
Home
မြန်မာသတင်း
ယူနတီဂျာနယ်ကို အရေးယူမှု သတင်းမီဒီယာအဖွဲ့များ ကန့်ကွက်
DVB
·
February 6, 2014
ယူနတီဂျာနယ်ကို အရေးယူမှု သတင်းမီဒီယာအဖွဲ့များ ကန့်ကွက်
Donate to DVB

ယူနတီဂျာနယ်က သတင်းသမားတွေကို ဖမ်းဆီးစစ်ဆေးနေပြီး  နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေနဲ့ အမှုဖွင့် ဖမ်းဆီးစစ်ဆေး အရေးယူထားတဲ့အပေါ် ပြည်တွင်း သတင်းမီဒီယာနဲ့ စာနယ်ဇင်းအဖွဲ့တွေက ကန့်ကွက်လိုက်ပါတယ်။

Unity copyလျှို့ဝှက် ဓာတုလက်နက်စက်ရုံ ဆောင်း ပါး ရေးသားဖော်ပြခဲ့မှုနဲ့ ပတ်သက်ပြီး  ယူနတီဂျာနယ်မှ သတင်းထောက် ၄ ဦးနဲ့  အမှုဆောင်အရာရှိချုပ် ၁ ဦး စုစုပေါင်း ၅ ဦးကို သက်ဆိုင်ရာက နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေပုဒ်မ ၃ (၁) (က)/ ၉ နဲ့ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေတာပါ။

ဒီလိုအရေးယူမှုနဲ့ ပတ်သက်ပြီး  ပြည်တွင်းက စာပေနှင့်သတင်းမီဒီယာ အဖွဲ့ ၄ ဖွဲ့က  ဒါဟာ  စစ်အစိုးရလက်ထက်က လုပ်နည်းလုပ်ဟန်အတိုင်း ဥပဒေကြောင်းအရ မပြုမူဘဲ လုပ်ဆောင်နေတာ ဖြစ်ကြောင်း၊ အခုလို အရေးယူမှုကြောင့် သတင်းသမားတွေ ခြိမ်းခြောက်ခံ နေရတယ်လို့ သတ်မှတ်နိုင်ပြီး အများပြည်သူ သိလိုတဲ့  သတင်းအချက်အလက်တွေ ရယူတင်ပြမှုကို ထိခိုက်စေမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်တဲ့ အဖွဲ့တွေထဲမှာ   မြန်မာနိုင်ငံသတင်းစာဆရာများ အသင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ၊  မြန်မာဂျာနယ်လစ်ကွန်ရက်နဲ့ Pen Myanmar မြန်မာ ကလောင်ရှင်များ အသင်းတို့ ပါဝင်ပါတယ်။

မြန်မာ ကလောင်ရှင်များအဖွဲ့က ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဦးမျိုးမြင့်ငြိမ်းကတော့  ခုလိုအမှုဖွင့်  အရေးယူမှုဟာ လုပ်ထုံးလုပ်နည်းနဲ့ မညီဘူးလို့ ပြောပါတယ်။

“အမှန်က ဥပဒေကြောင်းအရ လုပ်တာဆိုရင် ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့လိုတယ်။ အမှုဖွင့်ရမယ်။ အမှုဖွင့်ပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး ဥပဒေကြောင်းနဲ့အညီ သက်ဆိုင်ရာက ခေါ်ယူမေးမြန်း စစ်ဆေးတာမျိုးပဲ လုပ်သင့်တယ်။ နောက်ပြီး မြန်မာနိုင်ငံမှာ စာနယ်ဇင်းကောင်စီဆိုတာ ရှိတယ်။ ဒီလိုကိစ္စမျိုးတွေ ဖြေရှင်းဖို့ဆိုပြီး သမ္မတကြီးရဲ့ ညွှန်ကြားချက်နဲ့ ဖွဲ့ထားတာ။ ဒီလိုပြဿနာမျိုးတွေ ပေါ်လာရင် သက်ဆိုင်ရာအဖွဲ့အစည်းကနေပြီး စာနယ်ဇင်းကောင်စီကို အကြောင်းကြားပြီး လိုအပ်သလို ဆောင်ရွက်ရမယ်။ စာနယ်ဇင်းကောင်စီက သူ့ရဲ့ လုပ်ပိုင်ခွင့်ကို ကျော်သွားပြီး သူတို့ကိုင်တွယ်နိုင်တဲ့ အကြောင်းအရာမဟုတ်ဘူးဆိုတော့မှ လိုအပ်သလို ဆက်ပြီး ဆောင်ရွက်ရမှာဖြစ်တယ်။ အခုက စစ်အစိုးရလက်ထက်တုန်းက လက်တို့ခေါ်သွားတဲ့ပုံစံမျိုး ခင်ဗျား ခဏလိုက်ခဲ့ပါဆိုပြီး ခေါ်သွားပြီး ပြန်မလွှတ်တဲ့ပုံစံမျိုး။ အခုဆို ယူနတီဂျာနယ် သတင်းထောက်တွေ၊ အယ်ဒီတာတွေက သူတို့အလှည့် ဘယ်တော့ရောက်မလဲဆိုပြီး စိုးရိမ်ပူပန်ပြီး နေနေရတဲ့သူတွေ ရှိပါတယ်။ သူတို့ စိုးရိမ်သလို အခြားသတင်းထောက်များကလည်း သူတို့ကိုလည်း အချိန်မရွေး ဒီလို ခေါ်ယူနိုင်တယ်ဆိုပြီး စိုးရိမ်ပူပန်မှုတွေ ဖြစ်လာတာပေါ့။”

အလားတူ မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်ကတော့ အရေးယူမှုနဲ့ ပတ်သက်ပြီး ခုလို ပြောပါတယ်။

“လျှို့ဝှက်ချက် ဥပဒေက စစ်တပ်ထဲက ၀န်ထမ်းပဲဖြစ်ဖြစ် အစိုးရ ၀န်ကြီးဌာနက ၀န်ထမ်းပဲ ဖြစ်ဖြစ် အဲဒီလိုမျိုးက ပေါက်ကြားစေတယ်ဆိုရင် ဒါ လျှို့ဝှက်ချက် ဥပဒေနဲ့  အရေးယူတာ မှန်တာပေါ့။ ဒါပေမယ့် အခုကိစ္စမှာ ဘာမှ အချက်အလက်ပေါက်ကြားတာစ မရှိဘူး။ အပြင်က မြင်ရတဲ့ဟာမျိုးနဲ့ ရွာသားတွေ သွားလာရင်း သူတို့ သိခဲ့ရတဲ့ အချက်အလက်တွေ ဒါက ဘာမှ ထူးထူးခြားခြား မဟုတ်ပဲ ဘယ်လောက်ရှိတယ်တို့ မျက်မြင်တဲ့ အကျယ်အ၀န်းရယ်၊ မီးဆိုင်း ဘယ်နှဆိုင်း ထွန်းထားတယ်တို့ အဲဒီလိုဟာမျိုးတွေပဲ ပါတယ်။ ကျနော်က ဥပဒေကြောင်းအရ သုံးသပ်တာ မပြောတက်ဘူး။ သို့ပေမယ့် အခြား ဖြစ်စဉ်တွေနဲ့ ယှဉ်ကြည့်ရင် လျှို့ဝှက်တဲ့ ဥပဒေပေါက်ကြားတယ်ဆိုတာ သိပ်ပြီးတော့ မဆိုင်ဘူး ထင်တယ်။ အခုလို လုပ်တဲ့ကိစ္စက တရားဥပဒေကြောင်းအရ ပြန်ကြားရေးဝန်ကြီးဌာနက အစိုးရက ဥပဒေနဲ့ အညီလုပ်နေတယ် ပြောတာပဲ။ သို့ပေမယ့် ပွင့်လင်းမြင်သာမှုမရှိဘဲ ဘယ်ဥပဒေက ဘယ်လိုမျိုးရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြတာလည်း မရှိဘူး။ ဒီလို ကိစ္စမျိုးတွေ ရေးရင် အရေးယူခံရမှာပဲလို့ သတင်းသမားတွေက အဲဒီလိုပဲ နားလည်တာပဲ။ နောက်တခုက သတင်းလောကမှာ အရင် စစ်အစိုးရလက်ထက်မှာလို ခြိမ်းခြောက်မှုတွေ ရှိနေဆဲပဲဆိုတဲ့ ခံစားမှုမျိုး တော်တော်များများ ပြန်ပြီး ပေါ်လာတာပေါ့နော်။”

ပြီးခဲ့တဲ့  ဇန်န၀ါရီလ ၂၅ ရက်ထုတ် ယူနတီဂျာနယ်မှာ “ဗိုလ်ချုပ်မှူးကြီးဟောင်း၊  လက်ရှိ ကာ/ ချုပ်နှင့်  တရုတ်ပညာရှင်တို့၏ ပေါက်မြို့နယ်ရှိ လျှို့ဝှက် ဓာတုစက်ရုံ”   အမည်နဲ့ ဆောင်းပါးကို မကွေးတိုင်း ပခုက္ကခရိုင် ပေါက်မြို့က အမှတ် ၂၄ ကာကွယ်ရေးပစ္စည်း စက်ရုံအကြောင်း စက်ရုံအလုပ်သမားတွေနဲ့ ဒေသခံတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဓာတ်ပုံတွေနဲ့ တကွ ဖော်ပြခဲ့တာပါ။

မြန်မာနိုင်ငံရေး သုံးသပ်ချက်ဆောင်းပါးတွေရေးတဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့် ကတော့ ယူနတီဂျာနယ်ပါ သတင်းရေးသားချက်နဲ့ ပတ်သက်ပြီး ခုလို သုံးသပ်ပြောပါတယ်။

“ဓာတ်ပုံတွေ ရိုက်ပြီး ဖော်ပြတာတော့ရှိတယ်။ ဘယ်ဟာ ဘယ်အဆောက်အအုံ အားလုံးကို ခန့်မှန်းခြေနဲ့ပဲ ပြောတာပါ။ ဒါကြီးက ဒုံးကျဉ်ကြီးဘာညာပြောပေမယ့် ခိုင်လုံတဲ့ အထောက်အထား အဲဒီမှာ ဘာတခုမှ မတွေ့ရဘူး။ စာနယ်ဇင်းကျင့်ဝတ်နဲ့ လုံးဝမကိုက်ညီတဲ့ ရေးသားချက်တွေပဲ။ ခေါင်းစဉ်တပ်တာလည်း မကိုက်ညီဘူး။ ခေါင်းစဉ်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေကိုလည်း အထဲမှာ သက်သေခံပြထားနိုင်တာ တခုမှ မရှိဘူး။ အရေးကြီးဆုံး ၂ ချက်ပေါ့။ ဓာတုလက်နက်စက်ရုံဆိုတဲ့ဟာကို သူ့ရဲ့ ဆောင်းပါးထဲမှာ ဘာမှ မယ်မယ်ရရ ဖော်ပြထားတာ မရှိဘူး။ အရပ်သားတွေပြောတယ်ဆိုတဲ့ဟာလောက်ပဲ ရေးထည့်ထားတယ်။ အဲဒါတချက်။ ဒုတိယတခုက နာမည်တွေ ရောထွေးပြီး သူက ထည့်သွင်းထားတယ်။ ဒါတွေ ဆက်စပ်မှုရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ ခေါင်းစဉ်မှာ။ အရင် ဗိုလ်ချုပ်မှူးကြီး၊ အခု ကာချုပ်၊ ပြီးတော့မှ တရုတ်ပညာရှင်ဆိုပြီးတော့။ ဓာတ်ပုံထဲမှာလည်း တရုတ်သမ္မတနဲ့ ကာချုပ်နဲ့ တွေ့တာတွေကို သူဖော်ပြထားတယ်။ အဲဒါဆို သူက အထဲမှာ ရှင်းရမယ်လေ။ သူတို့တွေနဲ့ ဘယ်လိုဆက်စပ်ပတ်သက်မှု ရှိသလဲဆိုတာ။ ဒါပေမယ့် ဆောင်းပါးထဲမှာ အဲဒါတွေ မမြင်ရ၊ မတွေ့ရဘူး။”

မြန်မာသတင်းနဲ့ မီဒီယာအဖွဲ့ ၄ ဖွဲ့ရဲ့ ပူးတွဲကြေညာချက်မှာတော့  သတင်းမီဒီယာတွေအနေနဲ့ သတင်းရယူဖော်ပြရာမှာ အချက်အလက် တိကျခိုင်လုံစေရေးနဲ့ ကျင့်ဝတ်နှင့်အညီ တင်ပြ ရေးသားရေးတို့အတွက် အစွမ်းကုန်ကြိုးစားကြဖို့နဲ့ သတင်းမီဒီယာ ကျင့်ဝတ်စည်းမျဉ်းတွေကိုလည်း သိရှိပြီး ကျင့်သုံး လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013