
အီရန်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူထားမှုကို ချိုးဖောက်ကာ အီရန်ဆိပ်ကမ်းတခုဆီ ဦးတည်ခုတ်မောင်းဖို့ ကြိုးပမ်းခဲ့တဲ့ ကုန်တင်ဆောင်ထားခြင်း မရှိတဲ့ ဆီတင်သင်္ဘောတစင်းကို အိုမန်ပင်လယ်ကွေ့ထဲမှာ အမေရိကန်တပ်ဖွဲ့တွေက ဇွန် ၈ ရက်မှာ တားဆီးခဲ့ပါတယ်။
အခုလို တားဆီးထိန်းချုပ်လိုက်တာကြောင့် သင်္ဘောပေါ်မှာ ပိတ်မိနေတဲ့ အိန္ဒိယသင်္ဘောသား ၂၄ ယောက်ကို အိုမန်ရေတပ် ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ ဘေးကင်းရာဆီ ကယ်ထုတ်ခဲ့ရတယ်လို့ အမေရိကန်စစ်တပ်နဲ့ အိန္ဒိယ ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။
ဇွန် ၉ ရက်မှာ ထွက်ပေါ်လာတဲ့ ရုပ်သံဖိုင်တွေထဲမှာ တိုက်ခိုက်ခံရပြီးနောက် M/T Marivex သင်္ဘောပေါ်ကနေ မီးခိုးတွေ အလုံးအရင်းနဲ့ ထွက်နေတာကို သင်္ဘောသားတွေ စောင့်ကြည့်နေကြတာ မြင်တွေ့ရပါတယ်။
အိန္ဒိယကမ်းခြေစောင့်တပ်ဖွဲ့ရဲ့ X စာမျက်နှာမှာ ဖော်ပြချက်အရ မွမ်ဘိုင်းမြို့မှာရှိတဲ့ အိန္ဒိယရေကြောင်း ကယ်ဆယ်ရေး ညှိနှိုင်းမှု ဗဟိုဌာနဟာ အိုမန်နိုင်ငံက သက်ဆိုင်ရာဌာနနဲ့ ပူးပေါင်းပြီး သင်္ဘောသားတွေကို ဘေးကင်းကင်းနဲ့ အောင်အောင်မြင်မြင် ကယ်ထုတ်နိုင်ဖို့ စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။
ပလောင်းနိုင်ငံအလံ လွှင့်ထူထားတဲ့ အဲဒီ M/T Marivex သင်္ဘောဟာ အိုမန်ပင်လယ်ကွေ့ရဲ့ နိုင်ငံတကာရေပိုင်နက်ထဲကနေ အီရန်နိုင်ငံဘက်ကို ဖြတ်သန်းမောင်းနှင်နေချိန်မှာ တိုက်ခိုက်ခံခဲ့ရတာလို့ အမေရိကန် ဗဟိုကွပ်ကဲရေး စစ်ဌာနချုပ် (CENTCOM) က တနင်္လာနေ့မှာ X မှာ ပို့စ်တင်ခဲ့ပြီး ဇွန် ၈ ရက် သင်္ဘောခြေရာခံ အချက်အလက်တွေအရလည်း အဲဒီသင်္ဘောဟာ အိုမန်ကမ်းလွန်မှာ ရှိနေခဲ့တာပါ။
အမေရိကန်စစ်တပ်ရဲ့ ညွှန်ကြားချက်တွေကို သင်္ဘောဘက်က လိုက်နာဖို့ ပျက်ကွက်ခဲ့ပြီးနောက် USS အေဘရာဟင်မ်လင်ကွန်း လေယာဉ်တင်သင်္ဘောပေါ်ကနေ ပျံတက်လာတဲ့ F/A-18 စူပါ ဟွန်းနက် တိုက်လေယာဉ်တစင်းက သင်္ဘောရဲ့ စက်ခန်းနဲ့ ပဲ့ထိန်းခန်းတွေကို ပစ်မှတ်ထားပြီး တိကျမှန်ကန်တဲ့ ခဲယမ်းမီးကျောက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ CENTCOM က ပြောပါတယ်။
အီရန်နိုင်ငံဟာ ကမ္ဘာ့အဓိက ရေနံနဲ့ ဓာတ်ငွေ့သယ်ယူပို့ဆောင်ရေး လမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကနေ သင်္ဘောဖြတ်သန်းသွားလာမှုတွေကို ပြင်းပြင်းထန်ထန် ကန့်သတ် ပိတ်ပင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဧပြီလကစလို့ အမေရိကန်က အီရန်ဆိပ်ကမ်းတွေကို အဝင်အထွက် ပိတ်ဆို့မှု စတင်လုပ်ဆောင်ခဲ့တာပါ။
ဒီကန့်သတ်ချက်တွေဟာ အီရန်နိုင်ငံကိုသွားမဲ့ သို့မဟုတ် အီရန်ကနေ ထွက်လာမဲ့ သင်္ဘောတွေ အပေါ်မှာပဲ သက်ရောက်မှုရှိပြီး အီရန်မဟုတ်တဲ့ တခြားနိုင်ငံတွေကို သွားဖို့ ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်တဲ့ သင်္ဘောတွေနဲ့ မသက်ဆိုင်ဘူးလို့ CENTCOM က ရှင်းလင်း ပြောပါတယ်။
Source: Reuters










