DVB Logo
Home
Lead Story
စစ်ပြေးရှောင်တွေ ပြန်အလာကို စောင့်မျှော်နေတဲ့ ရွာက အိမ်အိုလေး
DVB
·
January 24, 2022
စစ်ပြေးရှောင်တွေ ပြန်အလာကို စောင့်မျှော်နေတဲ့ ရွာက အိမ်အိုလေး
Donate to DVB

ကျွန်တော် ဆယ်ကျော်သက်အရွယ်လောက်မှာ စစ်ပြေးတခါ ကြုံဖူးခဲ့တယ်။

တိုင်းရင်းသားလက်နက်ကိုင် EAO's အဖွဲ့တဖွဲ့က အယောက် ၃၀ လောက်ရွာကို ရောက်လာတယ်။ စစ်တပ် အင်အား ၂၀၀ ကလည်း အနီးအနားရွာရောက်လာတယ်။  ရွာတစ်ရွာနဲ့ တစ်ရွာ ခြေလျင်ခရီးသွားရင်  ၂ နာရီကျော်လောက် ခရီးရှိမယ်။ 

ရွာထဲရောက်တဲ့ EAO's အဖွဲ့လည်း ရွာမရောက်ခင် တစ်မိုင်အကွာအဝေးမှာ  တိုက်ပွဲဖော်မယ်လိ့ ရွာသားတွေကို  အကြောင်းကြားတယ်။ ရွာသူ၊ ရွာသားတွေက   သူတို့အိမ်နဲ့  ရွာ စစ်တပ်ရဲ့ လက်နက်ကြီးကြောင့် မီးလောင်ပျက်ဆီးသွားမယ် တိုက်ပွဲမဖော်ဖို့ ဖျောင်းဖျခဲ့တယ်။ EAO's က လက်မခံဘူး တိုက်ဖို့ပဲ  အားပြင်းခဲ့တယ်။ 

ဒီလိုအခြေအနေ ရွာသားတွေက  ည သန်းခေါင်ယံအချိန် ဓာတ်မီး၊ ထင်းရှူးဆီမီးထွန်းပြီး သူတို့တောင်ယာရှိရာအရပ်ကို စစ်ရှောင်ကြတယ်။ မိုးရာသီဖြစ်တဲ့အတွက် မိုးကရွာ ၊ လမ်းကချော  တောင်ယာသွားတဲ့လမ်းမှာ ချော်လဲပြီး ပါလာတဲ့ဆန်၊ ခေါင်ဖတ်တွေ လမ်းဘေးမှာဖိတ်စဉ်ကျကုန်တယ်။

ရွာသားတချို့က ရွာကိုချစ်၊ အိမ်ကိုချစ် သေသေရှင်ရှင် သူတို့အိမ်၊ သူတို့ရွာကို မပစ်ထားရဲကြဘူး။ စစ်ရှောင်တဲ့သူတွေထဲမှာ  ကိုယ်တစ်ယောက်အပါအဝင် အမေလက်ဆွဲလိုက်၊ အဖေလက်ဆွဲလိုက် ထင်းရှူးမီးထွန်းပြီး တောင်ယာတဲဆီရောက်သွားတယ်။ တောင်ယာတဲရောက်တော့  အိပ်ပျော်သွားတယ်။ မိဘနှစ်ပါးကတော့ မအိပ်ဘဲ ရွာဘက်စစ်ဖြစ်မဖြစ် တညလုံးထင်းမီးလှုံပြီး နားစွင့်နေတယ်။

နောက်တနေ့ နံနက် ၉ နာရီအချိန် တောင်ယာလာတဲ့ ရွာသွားတွေက  ရွာမှာစစ်မဖြစ်‌ကြောင်း ၊ ညအမှောင်မှာ လမ်းပြပေးတဲ့ တစ်ဘက်ရွာသားက လမ်းမှားလို့ စစ်တပ်မိုးလင်းမှ ရွာထဲဝင်လာကြောင်းနဲ့  EAO's အဖွဲ့က ၁၀ ယောက်စီခွဲပြီး ထွက်သွားပြီးနောက် ရွာထဲ စစ်တပ်ဝင်လာကြောင်း သတင်းပါလာတယ်။ 

EAO's အဖွဲ့ ၁၀ ယောက်စီ ဘာဖြစ်လို့ခွဲပြီးထွက်သွားလဲ ဆိုတော့ ရွာအနေအထားက လမ်းကြောင်းသုံးကြောင်းရှိလို့ ဖြစ်ပါတယ်။ စစ်တပ် ဘယ်လမ်းကြောင်းပဲသွားသွား တိုက်မယ်ဆိုတဲ့သဘောနဲ့ စစ်ကြောင်း သုံးကြောင်းခွဲပြီး သွားရတာဖြစ်ပါတယ်။  စစ်တပ်ရွာထဲရောက်တဲ့အခါ ရွာသားတွေကို အထမ်းသမားတွေအဖြစ် ပေါ်တာဆွဲသွားတာ  ၁၀ ယောက်ကျော်ပါသွားတယ်။

အထမ်းသမားတွေပါသွားရင် အနည်းဆုံး သီတင်း သုံးပတ် လေးပတ်လောက်ကြာမှ ရွာပြန်ရောက်လာကြတယ်။ ကျွန်တော်ဘဝမှာ အဖေမျက်နှာ တစ်ခါမှ သေသေချာချာ မမြင်ဖူးဘူး။ အဖေလည်း စစ်တပ်ပေါ်တာဆွဲသွားပါသွားပြီး  ငှက်ဖျားမိလို့ အိမ်ပြန်ရောက်ဖျားနာပြီး သေဆုံးသွားကြောင်း အသက်ကြီးမှသိရတယ်။ 

စစ်မဖြစ်ဘူး သတင်းကြားပြီး ကိုယ်အပါအဝင် ရွာသားတချို့အိမ်ကိုပြန်သွားကြတယ်။ ရွာပြန်ရောက်ပြီး နေလယ် ၃ နာရီကျော်လောက် ရွာအကျော် တခြားရွာတစ်ရွာ မရောက်ခင်စပ်ကြားမှာ စစ်ဖြစ်တယ်။ စစ်တိုက်တဲ့အမိန့်ပေးသံဖြစ်တဲ့ တက်တက်၊ ဆုတ်ဆုတ် ပြောတဲ့အသံတွေ  ရွာကနေ နားထောင်ရတဲ့ကိုယ်က ကလေးဘဝဆိုတော့  ရွာသားခွေးနဲ့အမဲလိုက်သလို ပျော်စရာသလိုခံစားရတယ်။

ပေါ်တာ ထဲပါသွားတဲ့ ရွာသားတွေ ရွာပြန်ရောက်တဲ့အခါ သူတို့ကြုံတွေ့နေတဲ့ တိုက်ပွဲတွေအကြောင်း ပြန်ပြောကြတယ်။ တကယ်လို့ အဲဒီအချိန် ရွာမှာစစ်ဖြစ်ခဲ့ရင် တက်တက်၊ ဆုတ်ဆုတ် ဆိုတဲ့ အမိန့်ပေးသံကြားရမှာ မဟုတ်သလို ရွာမှာ ဘယ်သူ သေပြီလဲ၊ ဘယ်သူ့အိမ် မီးထဲပါသွားပြီးလဲ ကြေကွဲရမှာပါ။ ကံကောင်းထောက်မစွာနဲ့ အဲ့လိုမြင်ကွင်းတွေ မမြင်ခဲ့ရတဲ့အတွက် ရွာကအိမ်အိုလေး ကတော့ အခုထိ ကြံ့ကြံ့ခံနေဆဲပဲ။ 

ဒါပေမဲ့ ယခုလိုအချိန်မှာတော့  ကိုယ့်ပြည်နယ်၊ ကိုယ့်ဒေသမှာ တကျော့ပြန်ဖြစ်တဲ့စစ်ပွဲဟာ ကိုယ်ကြုံခဲ့သလို အိမ်အိုလေးကို ချန်ရစ်ထားခဲ့ရပြီး စစ်ပြေးရှောင်ရတဲ့  အိမ်ရှင်တွေ အများကြီးရှိနေတဲ့အပြင် ပြန်ဖို့အိမ်မရှိတော့တဲ့ ပြည်သူတွေ အရေအတွက် ဘယ်လောက်များပြီးလဲဆိုတာ နေ့စဉ်တက်နေတဲ့ တိုက်ပွဲသတင်းကို ကြည့်ရင်သိနိုင်ပါတယ်။

ခုဆိုရင် လူဦးရေ ၃ သိန်းလောက်သာရှိတဲ့ ကျနော်တို့ရဲ့ ကရင်နီပြည်မှာ လူဦးရေရဲ့ တစ်ဝက်လောက်ဟာ စစ်အာဏာရှင်တွေရဲ့ ကျူးကျော်စစ်ပွဲနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် စစ်ဘေးရှောင်နေကြရပြီး တချို့ဆိုရင် ရှမ်းပြည်နယ်ထဲနဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံအထိပါ ထွက်ပြေး ခိုလှုံ နေကြရပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှု  ရွာဝင်မီးရှို့မှုတွေကြောင့်လည်း ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ဆုံးရှုံးပျက်စီးရသလို ဘုရားကျောင်းတွေ၊ စာသင်ကျောင်းနဲ့ ဆေးပေးခန်းတွေလည်း အများအပြား ထိခိုက်ပျက်စီးခဲ့ရပါတယ်။ 

တိုက်ပွဲကြောင့်  ကရင်နီတိုင်းရင်းသားပြည်သူတွေ မိသားစု သေကွဲ ရှင်ကွဲ ၊ ဆွေမျိုး၊ ချစ်သူ ၊ခင်သူ  အပေါင်းအသင်းတွေ ဘယ်တော့မှ ပြန်မဆုံနိုင်တဲ့သူတွေလည်း အများကြီးဖြစ်မှာပါ။

စစ်ဘေးရှောင်တွေကတော့ တကယ်လို့ စစ်အာဏာရှင်တော်လှန်ရေးပြီးသွားလို့ တိုင်းပြည် လွတ်လပ်ငြိမ်းချမ်းသွားတဲ့အခါ ကျွန်တော့်လိုပဲ သူတို့ရဲ့အိမ်အိုပဲပြောပြော၊ သူတို့ချစ်တဲ့မိသားစု အိမ်လေးပဲဆိုဆို အေးချမ်းတဲ့နေရာလေးမှာ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေ အပေါင်းအသင်းတွေ ပြန်ဆုံပြီး ပျော်ရွှင်ရမယ့်နေ့ကို  မျှော်လင့်ချက်ကိုယ်စီနဲ့ ရှိနေဦးမှာ  အသေအချာပဲ ဖြစ်ပါတယ်။

မောင်ကိုး(စိန်မော့)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013