DVB Logo
Home
မြန်မာသတင်း
၅၄ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားများ ကျင်းပ
DVB
·
February 6, 2014
၅၄ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနားများ ကျင်းပ
Donate to DVB

ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို ကချင်လွတ်လပ်ရေးအဖွဲ့ (အေအိုင်အို)ထိန်းချုပ်နယ်မြေရှိရာ တပ်ရင်းတပ်ဖွဲ့ဒေသ အသီးသီးနဲ့ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမှာပါ ကျင်းပခဲ့ပါတယ်။

ကချင်ဒေသမှာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ ဒီမိုကရေစီရေး တန်းတူရေးတွေအတွက် ကချင်လွတ်လပ်ရေးအဖွဲ့ကို ထူထောင်ပြီး လက်နက်ကိုင်တိုက်ပွဲ ၀င်လာတာဟာ ဒီ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့မှာဆိုရင် နှစ်ပေါင်း ၅၄ နှစ် တိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီလိုနေ့ကိုရောက်တိုင်း ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို ကျင်းပလာတာမှာ ဒီနှစ်မှာလည်း ကေအိုင်အို ဥက္ကဌကြီး ဦးဇောင်းခရား ရဲ့ စာမျက်နှာ ၅ မျက်နှာရှိ တော်လှန်ရေးနေ့ သ၀ဏ်လွှာကို ဒေသအသီးသီးက အခမ်းအနားတိုင်းမှာ ဖတ်ကြားပြီး ဌာနချုပ်လိုင်ဇာမှာတော့ ဥက္ကဌကြီးကိုယ်တိုင် တက်ရောက်ဖတ်ကြားခဲ့တယ်လို့ ကေအိုင်အိုရဲ့ လုပ်ငန်းစစ်ဆေးရေးဌာနမှူး ဦးလဘန်ဒွဲပီဇာက ဒီဗွီဘီကို ပြောပါတယ်။

[caption id="attachment_51299" align="alignright" width="300"]ဓာတ်ပုံ - kachin.net ဓာတ်ပုံ - kachin.net[/caption]

ဒီနှစ် သ၀ဏ်လွှာမှာ ကေအိုင်အိုသက်တမ်း ၅၄ ထိ တည်တံ့ရှည်ကြာပြီး အင်အား တောင့်တင်း ခိုင်မာလာတာဟာ ပြည်သူတွေရဲ့ ပူးပေါင်း ပါဝင်မှုကြောင့် ဖြစ်ကြောင်း၊ ကချင်ပြည်နယ်တွင်း တိုင်းရင်းသားအားလုံး ညီညွတ်ဖို့နဲ့ အထူးသဖြင့် နှစ်ပေါင်းရှည်ကြာ အတူ နေထိုင်လာတဲ့ ရှမ်းနဲ့ ကချင်ကြား သွေးကွဲအောင် ဆောင်ရွက်နေသူတွေကို သတိထားဖို့ ဥက္ကဋ္ဌကြီးက ပြောခဲ့ကြောင်း ဦးလဘန်ဒွဲပီဇာက ဆိုပါတယ်။

“အခုချိန်ခါမှာဆိုရင် ကျနော်တို့ စည်းလုံးမှု တိုးတက်လာတဲ့အခြေအနေမှာ ရှိတယ်။ ဒီလို တိုးတက်လာတဲ့ အခြေအနေကို မလိုလားတဲ့ ဖျက်ဆီးတဲ့ ရန်သူတွေ သတိထားရမယ်၊ အထူးသဖြင့် နှစ်ပေါင်းများစွာ အတူနေထိုင်လာတဲ့ တိုင်းရင်းသားအချင်းချင်း၊ ရှမ်းလူမျိုးတွေက ကေအိုင်အေကို ဆန့်ကျင်လာအောင် သွေးထိုးပေးနေတာ လှုံ့ဆော်နေတာကို အမြဲတမ်း သတိထားရမယ် ၊ အားလုံးက စည်းစည်းလုံးလုံးနေကြဖို့ ဒါတွေ ပြောပါတယ်။”

ဒါ့အပြင် ကေအိုင်အိုနဲ့ အစိုးရကြား အပစ်အခတ်ရပ်ရေး၊ နိုင်ငံရေး ဆွေးနွေးနိုင်ဖို့ ဆောင်ရွက်နေတဲ့ အကြောင်း၊ ငြိမ်းချမ်းရေးမရခင် တိုက်ပွဲဝင်နေတဲ့ စစ်သည်နဲ့ ဒုက္ခသည် စခန်းမှာ ဆင်းရဲစွာနေနေရတဲ့ ပြည်သူတွေကို အားတင်းထားဖို့ ပြောကြားခဲ့ပြီး ဒုက္ခသည်တွေ အတွက် စားဝတ်နေရေး ကူညီပံ့ပိုးပေးနေတဲ့ ပြည်တွင်းနဲ့ ပြည်ပအလှူရှင်တွေကိုလည်း ကျေးဇူးတင်ကြောင်း ဥက္ကဋ္ဌကြီးက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒီနှစ် လိုင်ဇာမှာ ကျင်းပတဲ့ အခမ်းအနားမှာ အထူးအနေနဲ့ ကေအိုင်အိုမှာ နှစ်ပေါင်း ၅၀ ကျော် တော်လှန်ရေးတာဝန်ထမ်းဆောင်ခဲ့သူ ပုဂ္ဂိုလ် ၁၄ ဦးကို ရွှေတံဆိပ်ဆု ချီးမြှင့် ဂုဏ်ပြုခဲ့သလို အခြား နှစ်ပေါင်း ၄၀ ကနေ ၁၀ နှစ်အထိ အမျိုးသားရေးတာဝန် ထမ်းဆောင်ခဲ့တဲ့ စစ်သည်တွေကိုလည်း နှစ်အနည်းအများအလိုက် ရေတွက်ပြီး ဂုဏ်ပြုလွှာ အသီးသီး ချီးမြှင့်ခဲ့တယ်လို့ ဦးလဘန်ဒွဲပီဇာက ဆက်ပြောပါတယ်။

ကေအိုင်အိုနဲ့ အစိုးရ အပစ်အခတ်ရပ် လက်မှတ်ရေးထိုးရေး တွေ့ဆုံပြီးတဲ့နောက် ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား စီတာပူမနောကွင်းမှာလည်း ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို ဒီကနေ့ မနက်က ကျင်းပခဲ့တယ်လို့ မြစ်ကြီးနားမြို့ခံတဦးက ပြောပါတယ်။

ကေအိုင်အိုဟာ လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်က န၀တအစိုးရနဲ့ အပစ်အခတ်ရပ်ခဲ့ပေမယ့်လည်း ၁၉၉၉ ခုနှစ်မှာ အစိုးရအလိုကျ နယ်ခြားစောင့်တပ် အသွင်မပြောင်းတဲ့အတွက် ၂၀၁၀ ခုနှစ်က စပြီး တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်ရေး ဆွေးနွေးပေမယ့် ကေအိုင်အိုနဲ့ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပါဘူး။

ကေအိုင်အေနဲ့ အစိုးရကြား ၃ နှစ်ကျော် တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့အတောအတွင်း ပြည်သူ ၁ သိန်းလောက် အိုးပစ်အိမ်ပစ်နဲ့ ဒုက္ခသည်စခန်းတွေမှာ တိမ်းရှောင်နေထိုင်ရဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013