DVB Logo
Home
မြန်မာသတင်း
သင်ရိုးညွှန်းတမ်းများကို မိခင်ဘာသာစကားဖြင့် ပြဋ္ဌာန်းနိုင်ရေး ဆွေးနွေး
DVB
·
February 6, 2014
သင်ရိုးညွှန်းတမ်းများကို မိခင်ဘာသာစကားဖြင့် ပြဋ္ဌာန်းနိုင်ရေး ဆွေးနွေး
Donate to DVB

လာမယ့် ၂၀၁၅ - ၂၀၁၆ ပညာသင်နှစ်ကစပြီး သင်ရိုးညွှန်းတမ်းတွေကို မိခင်ဘာသာစကားနဲ့ ပြဋ္ဌာန်းသင်ကြားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ တိုင်းရင်းသားစာပေအသီးသီးက ကိုယ်စားလှယ်တွေ တွေ့ဆုံဆွေးနွေးနေကြပါတယ်။

တိုင်းရင်းသားဒေသက ကလေးတွေကို မိမိဒေသသုံး မိခင်ဘာသာစကားနဲ့ စာပေပညာ သင်ကြားပေးရင် ပိုပြီး နားလည်တတ်မြောက်စေတဲ့အတွက် လက်တွေ့ အကောင်အထည် ဖော်ဆောင် သင်ကြားနိုင်ဖို့ ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း မီကာဆာဟိုတယ်မှာ ဖေဖော်ဝါရီ ၃ ရက်ကနေ ၅ ရက်နေ့ထိ ၃ ရက်တာ ဆွေးနွေးခဲ့ကြပါတယ်။

school1ဒါဟာ ပညာရေးဝန်ကြီးဌာနရဲ့ လက်တွေ့ကျတဲ့ ပညာရေးမြှင့်တင်မှု အကောင်အထည် ဖော်ရေး အစီအစဉ်တရပ် ဖြစ်ပြီး တိုင်းရင်းသား စာပေပညာရှင်တွေပါ ဖိတ်ခေါ် ဆွေးနွေးနေတာလို့ ရှမ်းစာပေပညာရှင် ဒေါက်တာစိုင်းဆန်ဖေက ဒီဗွီဘီကို ပြောပါတယ်။

“ဒီကလေးတွေ နားလည်ဖို့ဆိုတာက မိခင်ဘာသာစကားနဲ့ သုံးမယ်ဆိုရင် ပိုပြီး နားလည် လာမယ်လို့ သူတို့သိလာပါတယ်။ အဲဒါကြောင့် ပညာရေးမူဝါဒမှာ အဲဒါတွေ ထည့်သွင်းဖို့ ဖြစ်လာတာပါ။ ကျနော်တို့အပိုင်းကတော့ သူတို့ချမှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းတွေ ကျလာပြီ ဆိုရင် ကလေးတွေ နားလည်ဖို့ ဒေသခံစကား၊ မိခင်စကားနဲ့ သုံးနှုန်းနိုင်ဖို့၊ လုပ်ဆောင်ဖို့ ခေါ်ယူဆွေးနွေးတာပါ။”

မိခင်ဘာသာစကားနဲ့ သင်ရိုးညွှန်းတမ်းကို သူငယ်တန်းကနေ အရင်ဆုံး ပြဋ္ဌာန်းသွားဖို့ ရှိပြီး ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးနဲ့ ကိုယ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးရေးကို ဦးတည်တဲ့ အကြောင်းအရာတွေ ပြဋ္ဌာန်းသွားမယ်လို့ ဆိုပါတယ်။

အဲဒီ ပြဋ္ဌာန်းချက်တွေကို ပြည်တွင်းနဲ့ ပြည်ပပညာရှင်တွေ၊ အာဆီယံဒေသ ပညာရှင်နဲ့ ကုလသမဂ္ဂ ပညာရေးဖွံ့ဖြိုးမှုအစီအစဉ်က ပုဂ္ဂိုလ်တွေ ညှိနှိုင်းရေးဆွဲထားပြီး ဖြစ်ပြီး ကလေးတို့ သိသင့်တဲ့ ဗဟုသုတ၊ လူမှုဆက်ဆံရေး၊ စာရိတ္တမြှင့်တင်ရေးနဲ့ ပြဿနာဖြေရှင်းခြင်း အလေ့ အကျင့်ကို ပျိုးထောင်ပေးရေးတွေ ပါဝင်တယ်လို့ ဒေါက်တာ စိုင်းဆန်ဖေက ဆက်ပြောပါတယ်။

ဒါ့အပြင် ဆွေးနွေးပွဲမှာ ဒေါက်တာသိန်းလွင်၊ ဒေါက်တာ ခင်မျိုးမြင့်ကြူ၊ ဒေါက်တာ ၀င်းအောင်၊ ဒေါ်အေးအေးမွန်ဦး၊ ဒေါ်နွယ်နွယ်အေးနဲ့ ဒေါ်ခင်ချိုချိုတို့က သူငယ်တန်းအရွယ် ကလးများ ဖွံ့ဖြိုးရေး နည်းလမ်းဖော်ထုတ်ခြင်း၊ ကလေးဖွံ့ဖြိုးမှု စိတ်ပညာ၊ ဖွံ့ဖြိုးမှုနဲ့ ကိုက်ညီတဲ့အလေ့အကျင့်၊ တိုင်းရင်းသားအသီးသီးရဲ့ ဘာသာစကားဖွဲ့စည်းပုံ၊ ဘာသာစကား သုံးပြီး သင်ကြားရာမှာ ကူညီပံ့ပိုးပေးနိုင်မှု၊ သင်ကြားပြီးတဲ့နောက် ရရှိလာမယ့်အရည်အသွေး၊ ကလေးများအတွက် ပုံပြင်၊ ကဗျာ၊ သီချင်းနဲ့ စာအုပ်တွေ ရေးသားရာမှာ ရှိသင့်ရှိထိုက်တဲ့ စံနှုန်းတွေအကြောင်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားစာပေ ကိုယ်စားလှယ်တွေဘက်ကလည်း မိမိဒေသက ကလေးတွေရဲ့ ပညာရေးသင်ယူမှု အခက်အခဲ၊ ဆရာနဲ့ ဆရာမ မလုံလောက်မှုစတဲ့အကြောင်းတွေပါ ဖြည့်စွက် တင်ပြခဲ့တာမှာ ပညာရေးဆိုင်ရာ တာဝန်ရှိသူတွေက လိုအပ်ချက်တွေကို တတ်နိုင်သလောက် ဖြည့်ဆည်းပေးသွားမယ်လို့ ပြောခဲ့ကြောင်း သိရပါတယ်။

ဒီ ဆွေးနွေးပွဲကို ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ပညာရေးစီမံကိန်းနဲ့ လေ့ကျင့်ရေး ဦးစီးဌာနက ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်ဖ်)နဲ့ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပြီး ပညာရေးဌာနက တာဝန်ရှိသူတွေ၊ ငြိမ်းဖောင်ဒေးရှင်း၊ ယူနီဆက်ဖ်နဲ့ Save the Children အဖွဲ့ကိုယ်စားလှယ်၊ ကချင်၊ ကယား၊ ချင်း၊ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ ၀၊ ပလောင်၊ ကယန်း၊ နာဂနဲ့ မြို ခေါ် ခမိ အစရှိတဲ့ တိုင်းရင်းသားစာပေပညာရှင်အသီးသီးပါ စုစုပေါင်း ၁၀၀ လောက် တက်ရောက်ခဲ့ တယ်လို့ ဒေါက်တာ စိုင်းဆန်ဖေက ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ အရင် အစိုးရအဆက်ဆက်ကတည်းက သင်ရိုးညွှန်းတမ်းနဲ့ ဖတ်စာအုပ်တွေကို မြန်မာဘာသာဖြင့် တပြေးညီပြဋ္ဌာန်းခဲ့ရာမှာ မြန်မာစကား နားမလည်တဲ့ တိုင်းရင်းသား ဒေသက ကလေးတွေအနေနဲ့ ဘာသာရပ်ရဲ့အဓိပ္ပာယ်ကို နားမလည်ဘဲ စာမေးပွဲ အောင်ဖို့ နှုတ်တိုက်ကျက်မှတ်ခဲ့ကြရကြောင်း အငြိမ်းစား ပညာရေးမှူးတဦးဖြစ်သူ နိုင်ငွေသိမ်းက ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013