DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်း အက်စစ်စက်ရုံကို ပိတ်ရန် တောင်းဆို
DVB
·
February 5, 2014
လက်ပံတောင်း အက်စစ်စက်ရုံကို ပိတ်ရန် တောင်းဆို
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းဒေသ မိုးကြိုးအက်စစ်စက်ရုံက အက်စစ်ငွေ့တွေဟာ ရွာသားတွေရဲ့ကျန်းမာရေးကို ထိခိုက်တယ်ဆိုပြီး စက်ရုံ ပိတ်သိမ်းဖို့ တောင်းဆိုကြပါတယ်။

လက်ပံတောင်း ကြေးနီစီမံကိန်းအတွက် လည်ပတ်နေတဲ့ ဦးပိုင်ကုမ္ပဏီပိုင် မိုးကြိုး ဆာလ်ဖျူရစ် အက်ဆစ်စက်ရုံကြောင့် စက်ရုံနဲ့ ကိုက်တရာအကွာလောက်မှာ ရှိတဲ့ ကံကုန်း ကျေးရွာအတွင်း အက်ဆစ်ငွေ့တွေ ကျရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Acid Factoryအက်ဆစ်ငွေ့တွေကြောင့် ရွာထဲမှာ လူ ၂၀၀ လောက် ချောင်းဆိုးအော့အန်ကြတဲ့အတွက် ဒေသခံ ကျေးရွာသား ၅၀၀ လောက်ဟာ ဖေဖော်ဝါရီ ၃ ရက်နေ့ ညပိုင်းက အက်ဆစ် စက်ရုံ ရပ်ဆိုင်းပေးဖို့ သွားရောက် တောင်းဆိုခဲ့ပါတယ်။

ကံကုန်းကျေးရွာ ဒေသခံတဦးက “ကျမမှာ ၈ နှစ် သမီးလေးရှိပါတယ်။ သူက မေမေ အာခေါင်တွေ ယားပြီး ဗိုက်တွေ နာလာတယ်လို့ ကျမကို လာ ပြောတယ်။ ကျမလည်း စကားပြောရင်းနဲ့ဆိုတော့ ကလေးကိုလည်း ပြန်မကြည့်မိဘူး။ ခဏကြာတော့ မေမေ သမီး မျက်လုံးတွေပါ စပ်တယ်လို့ ပြောတယ်။ ကျမတို့လည်း ထိုင်စကားပြောနေရင်းနဲ့ ဟုတ်မှပဲ နည်းနည်းပြဆိုပြီး ကြည့်ရင်းနဲ့ အငွေ့တွေ အငွေ့တွေက လေနဲ့ လွှင့်ပါလာတယ်။ အဲဒီအချိန်မှာ မျက်လုံးတွေထဲကို ဖုန်တွေ ၀င်လာသလို ယားယံလာတယ်၊ စပ်လာတယ်။ အာခေါင်တွေလည်း ခြောက်လာတယ်။ ချက်ချင်းပဲ ရင်ဘတ်တွေ အောင့်လာသလို ဖြစ်လာတယ်”လို့ ပြောပါတယ်။

သွားရောက်တောင်းဆိုခဲ့တဲ့အထဲက ၄ ဦးနဲ့ ဒေသအာဏာပိုင်တွေ၊ စက်ရုံတာဝန်ရှိသူတွေ ဆွေးနွေးပြောဆိုခဲ့ကြပြီးနောက် စက်ရုံရှေ့မှာ စောင့်ဆိုင်းနေတဲ့ ဒေသခံတွေကို အခုလို ပြန်လည် ရှင်းလင်းပြောဆိုပါတယ်။
ဦးပိုင်ကုမ္ပဏီ အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦး “လက်ရှိ အခြေအနေကို ဒီက လူကြီးတွေကို ပြောပြီးပြီ။ အခုဖြစ်နေတဲ့ အခြေအနေကို ၀န်ကြီးချုပ်ကိုလည်း သေချာသွားရှင်းပြမယ်။ ဒါ့အပြင် ဒီနေ့ မလေ့လာရသေးတဲ့ အခြေအနေတွေကို မနက်ဖြန် ထပ်ပြီး လူကြီးတွေကို ထပ်ရှင်းပြမယ်။ ဒီကနေပြီး မကျေမလည် ဖြစ်နေတဲ့ ကိစ္စတွေကိုလည်း ဦးပိုင်နဲ့ သေချာဖြေရှင်းပြီး ငါတို့ အုပ်ချုပ်ရေးအဖွဲ့က ဒီကို ပြန်လာပြီး ကျေနပ်တဲ့အထိ ရှင်းပြမယ်” လို့ ပြောပါတယ်။
ရာသီအကူးအပြောင်းမှာ လေထုစိုထိုင်းဆ နည်းလာပြီး ခြောက်သွေ့လာတာနဲ့အမျှ အက်စစ်ဓာတ်ငွေ့ကြောင့် လေထုညစ်ညမ်းမှု ပိုမိုသိသာလာပြီး လူထုကျန်းမာရေး စိုးရိမ်ပူပန်ရတဲ့ အနေအထားဖြစ်ပေါ်နေတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တချို့က သုံးသပ်ထားပါတယ်။
ခွင့်ပြုမိန့်မရသေးဘဲ လည်ပတ်နေတဲ့ ဦးပိုင်ကုမ္ပဏီပိုင် မိုးကြိုးဆာလ်ဖျူရစ် အက်ဆစ် စက်ရုံကို လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အစီရင်ခံစာမှာ အန္တရာယ်ရှိတဲ့ စက်ရုံအမျိုးအစားအဖြစ် သတ်မှတ်ထားပါတယ်။

ဒါ့အပြင် ဆက်လက်ထုတ်လုပ်မယ်ဆိုရင် စက်မှုဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ နိုင်ငံတကာ အသိအမှတ်ပြု ISO လက်မှတ် ရယူရဖို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း စုံစမ်းရေးကော်မရှင်က အကြံပေးထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013