DVB Logo
Home
Lead Story
ပါကစ္စတန် အမျိုးသမီးသီးသန့် ပန်းရောင်ဘတ်စ်ကားများ ကွယ်ပျောက်နေ
DVB
·
February 5, 2014
ပါကစ္စတန် အမျိုးသမီးသီးသန့် ပန်းရောင်ဘတ်စ်ကားများ ကွယ်ပျောက်နေ
Donate to DVB

ပါကစ္စတန်နိုင်ငံမှာ အမျိုးသမီးသီးသန့် ဘတ်စ်ကား ၀န်ဆောင်မှုဖြစ်တဲ့ ပန်းရောင် ဘတ်စ်ကား ပြေးဆွဲမှုကို လွန်ခဲ့တဲ့ ၂ နှစ်လောက်က စတင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဘတ်စ်ကားတွေ လမ်းတွေပေါ်ကနေ ပျောက်သလောက် ဖြစ်နေပါပြီ။

အသက် ၂၂ နှစ်အရွယ် ဆနိုဘာအတွက်တော့ ရုံးတက်ရုံးဆင်းချိန် လမ်းပေါ် လူအများဆုံး အချိန်အတွင်း ရုံးချိန်မီအောင် ဘတ်စ်ကားကို အမိဖမ်း စီးသွားနိုင်ဖို့က ခက်ခဲတဲ့ အလုပ်တခုပါ။

[caption id="attachment_51267" align="alignright" width="300"]Photo: Express Tribune Photo: Express Tribune[/caption]

ဆနိုဘာက “ကျမ အများအားဖြင့်တော့ ဘတ်စ်ကားကို ၁ နာရီလောက် စောင့်ရပါတယ်။ ဘတ်စ်ကားဂိတ်မှာ ကျမ စောင့်နေတဲ့အချိန်တွေမှာ လူပေါင်းစုံက ထူးထူးဆန်းဆန်း စာအုပ်တွေ လာပေးပြီး မေးကြမြန်းကြတယ်။ ဘာလို့ ဒီမှာ အကြာကြီး စောင့်နေတာလဲပေါ့”လို့ ပြောပါတယ်။

ပါကစ္စတန်နိုင်ငံမှာ အမျိုးသမီးတွေဟာ လူကျပ်လှတဲ့ ဘတ်စ်ကားတွေမှာ နေရာလေး တနေရာ ရဖို့ဟာ အမျိုးသမီး သီးသန့်နေရာမှာတောင် ခက်ခဲတာကို တွေ့ရလေ့ ရှိပါတယ်။

ကားစီးတဲ့အခါမှာ အမျိုးသား ခရီးသည်တွေရဲ့ အနှောင့်အယှက်ပြုတာကိုလည်း ကြုံရလေ့ ရှိတယ်ဆိုတဲ့ ဆနိုဘာက “ဘတ်စ်ကားတွေ အားလုံးမှာ ယောက်ျားတွေပဲလေ။ ခေါင်မိုးပေါ်မှာ၊ ကားထဲမှာဆိုလည်း ယောက်ျားတွေချည်းပဲ။ တချို့လူတွေက အမျိုးသမီးတွေကို ထိဖို့ တို့ဖို့နဲ့ ဆွဲလား ရမ်းလားလုပ်ဖို့ ကြိုးစားကြတယ်” လို့ ဆိုပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ ၂ နှစ်လောက်က ပန်ဂျပ်ပြည်နယ်မှာ ပန်းရောင် ဘတ်စ်ကားလို့ သိကြတဲ့ အမျိုးသမီးသီးသန့် ဘတ်စ်ကား ပြေးဆွဲမှုကို စတင်လိုက်ချိန်မှာတော့ အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။

 အဲဒီ ဘတ်စ်ကားဝန်ဆောင်မှုဟာ အမျိုးသမီးတွေ အနှောင့်အယှက်ကင်းကင်း ခရီးသွား လာ နိုင်အောင် ရည်ရွယ်ပြေးဆွဲတာ ဖြစ်ပါတယ်။

လာဟိုးသယ်ယူပို့ဆောင်ရေး ကုမ္ပဏီဟာ ဘတ်စ်ကား ၃ စီးနဲ့ စတင်ခဲ့တာဖြစ်ပြီး အစီး ၅၀ လောက်ထိ တိုးမြင့်သွားဖို့ ကတိပြုထားပါတယ်။

ဒီ ပန်းရောင်ဘတ်စ်ကားတွေဟာ တခြားမြို့ လမ်းကြောင်းတွေပေါ်မှာ အောင်အောင် မြင်မြင် ပြေးဆွဲနေပြီး ဘတ်စ်ကားအစီးရေလည်း တဖြည်းဖြည်း တိုးလာပါတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

ဒီဘတ်စ်ကားတွေ နည်းသွားပြီလို့ဆိုတဲ့  ကလေး ၂ ယောက်ရဲ့ မိခင်ဖြစ်သူ အသက် ၅၅ နှစ် အရွယ် ဘေလ်ကီးစ်က “ကျမက အလုပ်လုပ်နေတဲ့ မိန်းမသား တယောက်ပါ။ ကျမတော့ ဘာ ပန်းရောင် ဘတ်စ်ကားတွေမှ လမ်းပေါ်မှာ မတွေ့ဖူးဘူး။ အမျိုးသမီးတွေအတွက် ရည်ရွယ်ထားတဲ့ ဘတ်စ်ကားတွေတော့ ရှိသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေ၊ မိန်းကလေးတွေ အတော်များများက ဟိုးအဝေးကြီးတွေကနေ၊ မြို့ငယ်လေးတွေကနေ လာဟိုးအထိ နေ့တိုင်းကို လာနေရတာလေ”လို့ ပြောပါတယ်။

ဘတ်စ်ကားတွေဟာ တက္ကစီတွေအစား စီးနိုင်တဲ့ကားတွေလို့ဆိုတဲ့ အိမ်ရှင်မ မဲနာ့ဇ်အတွက်က “ပုဂ္ဂလိက တက္ကစီကားတွေက သိပ်ဈေးကြီးတာရှင့်။ ဒီလို ဘတ်စ်ကားတွေနဲ့ သွားရလာရ ရင်တော့ ကျမတို့လည်း ပိုက်ဆံလေး ဘာလေး စုမိမှာပေါ့ရှင်။ ဒါပေမယ့် ဒီရက်တွေမှာ ဘယ်လောက်မှလည်း မစုမိ မဆောင်းမိပါဘူး” လို့ ဆိုပါတယ်။

ပန်းရောင်ဘတ်စ်ကားတွေ စတင်ပြေးဆွဲပြီးနောက် လအနည်းငယ်အကြာလောက်မှာပဲ အဲဒီ ဘတ်စ်ကားကုမ္ပဏီဟာ ငွေရေးကြေးရေး အခြေအနေတွေကြောင့် ဆက်လက်ပြေးဆွဲဖို့ကို တုံ့ဆိုင်းသွားခဲ့ရပါတယ်။ နောက်ပြီး လမ်းကြောင်း အတော်များများ ပြေးဆွဲနေတာတွေကိုလည်း လတ်တလောမှာပဲ ရပ်နားခဲ့ပါတယ်။ လာဟိုး သယ်ယူပို့ဆောင်ရေးကုမ္ပဏီမှ ပန်းရောင် ဘတ်စ်ကား ၀န်ဆောင်မှုဌာန စီမံကိန်းမန်နေဂျာ အက်ဇာဂျာဗက်က ခုလို ပြောပါတယ်။

“ခုထိတော့ ကားလိုင်းတလိုင်းပဲ ပြေးနေရတာပေါ့။ လာမယ့် ရှေ့ကာလမှာတော့ အစိုးရက ငွေရေးကြေးရေး အထောက်အပံ့ပေးမယ်ဆိုရင်တော့ ကျနော်တို့ ဆက်ပြီး ပြေးဆွဲနိုင်မှာပါ။ အဲလိုမှ မဟုတ်ရင်တော့ ဆက်သွားနိုင်ဖို့ဆိုတာ ခက်ပါတယ်။”

ဒီဘတ်စ်ကားလိုင်းကို တခြား ဘယ်ပုဂ္ဂလိက ဘတ်စ်ကားသမားကမှ စိတ်မ၀င်စားလို့ ငွေရေးကြေးရေးအရ အောင်မြင်မှာ မဟုတ်ဘူးလို့ အမည်မဖော်လိုသူ အစိုးရအရာရှိ တယောက်က ပြောပါတယ်။

“အစိုးရ ၀င်မပါမချင်းတော့ ပါကစ္စတန်အမျိုးသမီးတွေဟာ လူတွေ ကျပ်သိပ်နေတဲ့ ဘတ်စ်ကားတွေပေါ်မှာ နေရာလေး တနေရာလောက် ရဖို့ တွန်းထိုးရုန်းကန်ရတဲ့ အခြေအနေကို ပြန်ရောက်သွားရပါလိမ့်မယ်။”

အာရှဒေသ သတင်းဆောင်းပါးအတွက် သတင်းထောက် ရှာဒီခန်ဆေအိဖ်နဲ့ နာအီးမ် ဆာဟိုတာရာတို့က ပါကစ္စတန်နိုင်ငံ လာဟိုးမြို့ကနေ သတင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013