DVB Logo
Home
မြန်မာသတင်း
ပြည်ခိုင်ဖြိုးအမတ် ဦးရွှေမောင်ကို ရဲက စစ်မေး
DVB
·
February 5, 2014
ပြည်ခိုင်ဖြိုးအမတ် ဦးရွှေမောင်ကို ရဲက စစ်မေး
Donate to DVB

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းတယ်လို့ သမ္မတပြောခွင့်ရသူ ဦးရဲထွဋ်က ပြောပါတယ်။

U Shwe Maungရခိုင်ပြည်နယ် ဒုချီးရားတန်းအနောက်ကျေးရွာ မီးလောင်ကျွမ်းမှုမှာ ရဲတွေပါဝင်ပတ်သက်တယ်လို့ နယ်မြေခံတွေက သူ့ထံကို အကြောင်းကြားကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ရွေးချယ်ခံရသူ ဦးရွှေမောင်က ဒီဗွီဘီကို ပြောဆိုခဲ့ပါတယ်။

ဒီပြောဆိုချက်အပေါ် ပြည်နယ်အစိုးရကရော၊ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ကပါ ပယ်ချငြင်းဆိုခဲ့ပြီး ဘင်္ဂါလီတွေ ကိုယ့်အိမ်ကိုယ် ရှို့သွားတာလို့ ထုတ်ပြန်ထားပါတယ်။

လွှတ်တော်ကျင်းပတဲ့ အချိန်ဖြစ်တဲ့အတွက်ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက မေးမြန်းဖို့ ကိစ္စကို သမ္မတရုံးက ပြည်ထောင်စုလွှတ်တော် နာယကထံကို သ၀ဏ်လွှာပေးပို့ ခွင့်တောင်းခဲ့ကြောင်းနဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇန်န၀ါရီ ၄ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ဦးရွှေမောင်ကို မေးမြန်းခဲ့ကြောင်း ဦးရဲထွဋ်က ရှင်းပြပါတယ်။

“အဓိကကတော့ ဒုချီးရားတန်းအနောက်ရွာမှာ မီးလောင်တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ခင်ဗျားတို့ ဒီဗွီဘီနဲ့ ပြောတဲ့အချိန်မှာ ဒါဟာ ရဲတွေရှို့တယ်၊ ရွာသားတွေက တယ်လီဖုန်းနဲ့ ပြောတဲ့ အထောက်အထားတွေ သူ့မှာရှိတယ်၊ ဘာညာဆိုပြီးတော့ ပြောခဲ့တာရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဘက်က သိချင်တာတချက်ပေါ့။ ခိုင်မာတဲ့ အထောက်အထားရှိရင် သူတို့ကိုပေး။ မှန်ကန်တယ်ဆိုရင် တာဝန်ရှိတဲ့သူတွေကို ဖော်ထုတ်ပြီးအရေးယူမှာပေါ့။ နှစ်ကတော့ သူက မခိုင်မာဘဲပြောတယ်ဆိုရင် သူ့ရဲ့ပြောဆိုမှုတွေဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေသလို ရခိုင်ပြည်နယ်အပါအ၀င် ကျန်တဲ့မြန်မာနိုင်ငံရှိတဲ့ ဒေသတွေမှာလည်း အစ္စလာမ်ဘာသာဝင်နဲ့ ကျန်တဲ့လူတွေကြားထဲမှာ တင်းမာမှုတွေ မြင့်တက်စေနိုင်တယ်။ ပဋိပက္ခတွေ ပြန်ဖြစ်စေနိုင်တယ်ဆိုတာကို သူ သဘောပေါက်မပေါက်ပေါ့ဗျာ။ ဒါလေးကို သူ နားလည်မလည် ဒါမျိုးလေးလည်း မေးချင်တာ အဓိက” လို့ ပြောပါတယ်။

 မနေ့က ခေါ်ယူစစ်မေးတဲ နောက်ပိုင်းအခြေအနေကိုတော့ သူမသိရှိသေးဘူးလို့ ဦးရဲထွဋ်က ပြောပါတယ်။

 မနေ့က ခေါ်ယူစစ်ဆေးမခံရမီ ဦးရွှေမောင်က သူ့ကို ခေါ်ယူစစ်မေးမယ်ဆိုတာကို သိရှိကြောင်းနဲ့ သမ္မတရဲ့စာမှာ သူ့အင်တာဗျူးဟာ နိုင်ငံတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အသရေပျက်စေတယ်၊ ပဋိပက္ခဖြစ်စေတယ်လို့ ဖော်ပြထားကြောင်း သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

အင်တာနက်စာမျက်နှာတွေပေါ်မှာ ဒုချီးရားတန်းကျေးရွာဖြစ်စဉ်အတွင်း ဘင်္ဂါလီ ၁၀၀ ကျော် သေဆုံးတယ်ဆိုပြီး လူစာရင်းတွေ ရေးသားဖော်ပြချက်တွေနဲ့ ပတ်သက်လို့လည်း ဦးရဲထွဋ်က အခြေအမြစ်မရှိဘူးလို့ ထပ်မံဖြေရှင်းသွားပါတယ်။

“အီးယူသံအမတ်တွေလည်း ပြန်လာပါပြီ။ အီးယူသံအမတ်ရှေ့မှာ အမျိုးသမီးတယောက်က သူ့အမျိုးသား ပျောက်နေတယ်လို့ ပြောလို့တောင်မှ အဲဒီအမျိုးသားဟာ ရဲစခန်းမှာရှိကြောင်း ရဲက ရှင်းပြပေးပါတယ်။ ကျန်တဲ့သူတွေအားလုံးက မိန်းမတွေအားလုံးက ဒီကိစ္စကို မသိပါဘူးလို့ ပြောပါတယ်။”

လွန်ခဲ့တဲ့ရက်ပိုင်းက အဲဒီမောင်တောဒေသကို သွားရောက်စစ်ဆေးခဲ့တဲ့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်က လူသေဆုံးမှုနဲ့ ပတ်သက်ပြီး အထောက်အထားမတွေ့ရှိကြောင်းနဲ့ ရက်ပိုင်းအတွင်း ရှင်းလင်းထုတ်ပြန်မယ်လို့ ဖြေဆိုပါတယ်။

ဒီဗွီဘီက သမ္မတပြောခွင့်ရသူ ဦးရဲထွဋ်ကို ယူနတီအပတ်စဉ်ထုတ်ဂျာနယ်တိုက်က သတင်းထောက်တွေကို နိုင်ငံတော်လျှို့ဝှက်ချက်သတင်းဖော်ပြခဲ့မှုနဲ့ စစ်မေးတာနဲ့ပတ်သက်လို့ မေးမြန်းတဲ့အခါ ဂျာနယ်က ရေးသားသလို ဓာတုလက်နက်စက်ရုံ မဟုတ်ဘဲ ကာကွယ်ရေးနဲ့ ဆိုင်တဲ့စက်ရုံသာဖြစ်တယ်လို့ ဖြေဆိုပါတယ်။

ဒီအမှုကို ဥပဒေအတိုင်း ဆောင်ရွက်နေတယ်လို့ သမ္မတပြောခွင့်ရသူ ဦးရဲထွဋ်က ပြောပါတယ်။

“ဒီအမှုက သုံးဆယ်ရက်နေ့ (ဇန်န၀ါရီ) မှာ သက်ဆိုင်ရာဌာနက ပေါက်မြို့နယ်ရဲစခန်းမှာ တိုင်ချက်ဖွင့်တယ်။ ရဲအရေးပိုင်တဲ့အမှုဖြစ်တဲ့အတွက် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၅၄၊ ၁၆၁ အရ သူတို့ကို ခေါ်ပြီးတော့မှ မေးမြန်းမှုတွေ လုပ်တယ်။ အဲဒီအခါမှာ ၂၄ နာရီထက် ကျော်ပြီးတော့မှ ခေါ်ယူမေးမြန်းလို့ မရတဲ့အတွက်ကြောင့်မို့လို့  သက်ဆိုင်ရာတရားရုံးထဲမှာ ဖေဖော်ဝါရီလ ၁ ရက်ကနေစပြီးတော့မှ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထိ နှစ်ပတ် ရမန်ယူပြီးတော့မှ ကျနော်တို့ မေးမြန်းနေတာရှိတယ်။ ခင်ဗျားမေးတဲ့ ဓာတုလက်နက်စက်ရုံ ဟုတ်လားလို့မေးရင် ကျနော်တို့နိုင်ငံက ဓာတုလက်နက်နဲ့ပတ်သက်တဲ့ ကွန်ဗင်းရှင်းကို လက်မှတ်ထိုးထားတဲ့နိုင်ငံဖြစ်ပါတယ်။ အဲဒါဟာ ကာကွယ်ရေးနဲ့ဆိုင်တဲ့ စက်ရုံသာဖြစ်ပါတယ်။ ဓာတုလက်နက်ထုတ်တဲ့စက်ရုံမဟုတ်ပါဘူး” လို့ ဖြေပါတယ်။

ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၅၄  ပထမသတင်းပေးတိုင်ချက် ရေးဖွင့်ခြင်း၊ ကျင့်ထုံးဥပဒေပုဒ်မ ၁၆၁ အရ သက် သေများ စစ်ဆေးခြင်း တွေဆောင်ရွက်တာလို့ ပြောသွားပါတယ်။

ဒီကနေ့မနက်ပိုင်းက ယူနတီဂျာနယ်တိုက်က အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတဦးကို ပုဇွန်တောင်မြို့နယ် နေကြာလမ်းထိပ် လက်ဖက်ရည်ဆိုင်မှာ ရဲက လာရောက်ခေါ်ဆောင်ပြန်တာကြောင့် ဖမ်းဆီးခံထားရသူ ငါးဦးထိရှိနေပြီဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013