
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နဲ့ မြန်မာစစ်အာဏာရှင်တပ်တွေအကြား တိုက်ပွဲဖြစ်ပွားပြီး လက်နက်ကျည်တွေ နယ်စပ်ကို ကျော်လွန်ကာ ထိုင်းဘက်ခြမ်းကို ကျရောက်တာကြောင့် ထိုင်းပြည်သူတွေရဲ့ နေအိမ်တွေ ပျက်စီးသွားတယ်လို့ Matichon ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဩဂုတ် ၁၇ ရက်က မြဝတီမြို့နယ် မင်းလက်ပံ့ရွာနဲ့ ဖလူးနွဲ့ကျေးရွာဘက်မှာ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားပြီး လက်နက်ကျည်တွေဟာ တဘက်ကမ်း ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်၊ မဟာဝမ်းကျေးရွာအုပ်စု၊ ဘန့်ဟွေ့မဟာဝမ်းရွာထဲကို ကျရောက်ခဲ့တာပါ။
လက်နက်ကျည်ကြောင့် ရွာထဲက နေအိမ်အချို့ ထိခိုက်ပျက်စီးပြီး ထိခိုက်ဒဏ်ရာရသူတော့ မရှိဘူးလို့ ဆိုပါတယ်။
မြန်မာစစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေဟာ မင်းလက်ပံဒေသမှာရှိတဲ့ KNLAရဲ့ စစ်စခန်းတွေကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်က တိုက်လေယာဉ်နဲ့ ကရင်တပ်စခန်းတွေကို ဝေဟင်ကနေ ဗုံးကြဲတိုက်ခိုက်သလို မြေပြင်ပေါ်ရှိ စစ်ကြောင်းတွေအတွက် ရိက္ခာတွေကိုလည်း လေယာဉ်နဲ့ ပို့ ဆောင်ပေးခဲ့ပါတယ်။
မင်းလက်ပံဒေသရဲ့ တဘက်ကမ်း ထိုင်းနိုင်ငံမှာ မဲဆောက်မြို့နယ်၊ မဟာဝမ်းကျေးရွာအုပ်စုနဲ့ ဖုပ်ဖရမြို့နယ် ဝေါလေကျေးရွာအုပ်စုတို့ တည်ရှိပြီး အရင်တုန်းကလည်း မြန်မာဘက်ခြမ်း တိုက်ပွဲကနေ လက်နက်ကျည်တွေ မကြာခဏကျရောက်တာကြောင့် နေအိမ် ထိခိုက်ပျက်စီးမှု၊ ရွာသားတွေ ထိခိုက်သေဆုံးမှု တွေရှိခဲ့သလို ဘေးလွတ်ရာ တိမ်းရှောင်ရတာ၊ ရွာစာသင်ကျောင်းတွေ ပိတ်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။
မြန်မာဘက်က လက်နက်ကျည်တွေ ထိုင်းဘက်သို့ ကျမလာရေး သတိထားဖို့ ထိုင်းစစ်တပ် တာဝန်ရှိသူတွေက ၂ နိုင်ငံနယ်စပ် နယ်ခြားပူးပေါင်းဆောင်ရွက်ရေးကော်မတီ (TBC) ကနေ မေတ္တာရပ်ခံခဲ့ပေမဲ့ လက်နက်ကျည်တွေ ကျမြဲကျရောက်နေတာ ဖြစ်ပါတယ်။
Source: Matichon News











