
အီရတ်နိုင်ငံမြောက်ပိုင်းရှိ ကာဒစ္စတန်ဒေသဆိုင်ရာ အစိုးရဝန်ကြီးချုပ်ရုံးကို ဩဂုတ် ၁၇ ရက်က ဒရုန်း ၂ စင်းနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ KRG လုံခြုံရေးအေဂျင်စီက ပြောပါတယ်။
တိုက်ခိုက်မှုကို အီရန်ပိုင်နက်ထဲကနေ စတင်ခဲ့တာဖြစ်ပြီး ဒရုန်းတွေဟာ ပစ်မှတ်ကို ထိ၊ မထိ ကိုတော့ အတည်မပြုသေးပါဘူး။ ဘယ်အဖွဲ့ကမှလည်း သူတို့လက်ချက်လို့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
အီရန် ကာမီကာဇေ အသေခံဒရုန်း ၂ စင်းဟာ တနင်္လာနေ့အစောပိုင်းမှာ အီရတ်နိုင်ငံ ကာဒစ္စတန်ဒေသကို ပစ်မှတ်ထားခဲ့တယ်လို့ ဒေသခံအရာရှိတွေက ပြောကြားခဲ့ပြီး အဲဒီထဲက တစင်းက ဝန်ကြီးချုပ်ရုံးကို ထိမှန်ခဲ့တာပါ။
ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ စတီဖန်ဒူဂျာရစ်က ဒါဟာ အီရတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထင်ထင်ရှားရှား ချိုးဖောက်တာဖြစ်ပြီး ကာဒစ္စတန် ဝန်ကြီးချုပ်ရုံး တိုက်ခိုက်ခံရမှုကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပါတယ်” လို့ ပြောကြားလိုက်ပြီး ကာဒစ္စတန်ဝန်ကြီးချုပ်ရဲ့ ရုံးခန်းကို တိုက်ခိုက်မှုကို ရှုတ်ချပါတယ် လို့လည်း ကြေညာပါတယ်။
အီရန်နဲ့ အီရန် ကျောထောက်နောက်ခံပြု အဖွဲ့တွေက အီရတ်ရဲ့ ကာဒစ္စတန်ဒေသဟာ သူတို့အတွက် လုံခြုံရေး ခြိမ်းခြောက်မှုဖြစ်တဲ့ အီရန်-ကာ့ဒ် အတိုက်အခံအဖွဲ့တွေကို လက်ခံထားတယ်လို့ မကြာခဏ စွပ်စွဲလေ့ရှိပါတယ်။
အီရတ် ကာဒစ္စတန် အာဏာပိုင်တွေကတော့ အိမ်နီးချင်းနိုင်ငံတွေကို ခြိမ်းခြောက်ဖို့အတွက် သူတို့ရဲ့ နယ်မြေတွေကို အသုံးချခွင့် ပေးထားတယ် ဆိုတာကို ငြင်းဆိုထားပါတယ်
ဝန်ကြီးချုပ် မာဆာရာ ဘာဇာနီက “ဒီလို တာဝန်မဲ့ပြီး လက်ခံနိုင်စရာမရှိတဲ့ တိုက်ခိုက်မှုကို အပြင်းထန်ဆုံး ရှုတ်ချပါတယ်။ ဒါဟာ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို တိုက်ရိုက်ခြိမ်းခြောက်နေတဲ့ အန္တရာယ်ရှိတဲ့ အခြေအနေ မြင့်တက်မှုတခုပါ” လို့ X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
သူ့ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရုံးခန်းနဲ့ ဒေသတွင်း လုံခြုံရေးနဲ့ ထောက်လှမ်းရေးအေဂျင်စီ အကြီးအကဲရဲ့ နေအိမ်တို့ ပါဝင်တိုက်ခိုက်ခံခဲ့ရတယ်လို့လည်း ဘာဇာနီက ကာဒစ္စတန် အကြမ်းဖက်မှု နှိမ်နင်းရေးဌာနရဲ့ စုံစမ်းစစ်ဆေးမှုကို ကိုးကားပြောဆိုပါတယ်။
အီရတ်ရဲ့ ကာဒစ္စတန်ဒေသဟာ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ မကြာခဏ တိုက်ခိုက်ခံရလေ့ရှိပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လတုန်းကလည်း ရေနံတွင်းတွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုကြောင့် ဒေသတွင်း ရေနံထုတ်လုပ်မှု ထက်ဝက်နီးပါး ရပ်ဆိုင်းခဲ့ရပါတယ်။
၂၀၂၄ ခုနှစ် ဧပြီလက ခိုမို ရေနံဓာတ်ငွေ့တွင်း တိုက်ခိုက်ခံရမှုမှာလည်း ယီမင်လုပ်သား ၄ ယောက် သေဆုံးခဲ့ပါတယ်။
Source: Reuters











