DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီထိုးပေးနေသည့် ရုရှားကိုဗစ်ကာကွယ်ဆေး WHO အသိအမှတ်မပြုသေးဟု NUG ထုတ်ပြန်
DVB
·
January 20, 2022
စစ်ကောင်စီထိုးပေးနေသည့် ရုရှားကိုဗစ်ကာကွယ်ဆေး WHO အသိအမှတ်မပြုသေးဟု NUG ထုတ်ပြန်
Donate to DVB

ပြီးခဲ့တဲ့ ရက်ပိုင်းက မြန်မာနိုင်ငံကို ရောက်ရှိလာပြီး စစ်ကောင်စီက အများပြည်သူကို ထိုးနှံပေးနေတဲ့ Sputnik Light ကိုဗစ်-၁၉ ကာကွယ်ဆေးဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ချ်အို)က အသိအမှတ်ပြုထားခြင်း မရှိသေးတဲ့ ဆေးတွေဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီကတော့ ဇန်နဝါရီ ၁၉ ရက်ကစတင်ပြီး ရန်ကုန်တိုင်း ၃ မြို့နယ်ဖြစ်တဲ့ လှိုင်သာယာ၊ ရွှေပြည်သာနဲ့ အင်းစိန်မြို့နယ်တွေက လူဦးရေ ၄,၀၅၀ ကို ထိုးနှံပေးခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ရုရှားနိုင်ငံကနေ အဆိုပါ Sputnik Light ကို ဗစ်-၁၉ ကာကွယ်ဆေး ၆ သိန်း ဝယ်ယူထားခဲ့ပြီး ရုရှားက လှူဒါန်းတဲ့ ကာကွယ်ဆေး ၄ သိန်းနဲ့ စုစုပေါင်း ကာကွယ်ဆေး ၁ သန်းဟာ ၂ သုတ်ခွဲ ရောက်ရှိခဲ့ပြီးဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

NUG ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာတော့ အဆိုပါ ဆေးအမျိုးအစားစာ အရေး ပေါ်သုံးစွဲဖို့ အသိအမှတ်ပြု EUL ရရှိနိုင်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိပ်ချ် အို)ရဲ့ Status of COVID-19 Vaccines within WHO EUL/PQ Evaluation Process အ ဆင့်မှာတောင် မပါဝင်သေးတဲ့အပြင် တင်းကြပ်တဲ့ စည်းမျဉ်းစည်းကမ်းတွေ(Stringent Regulatory Authority) ရှိတဲ့ နိုင်ငံတွေမှာလည်း အသိအမှတ်ပြုသုံးစွဲခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနကတော့ ရုရှားနိုင်ငံထုတ် Sputnik Light ကာကွယ် ဆေးတွေဟာ လူတယောက်ကို တစ်ကြိမ်သာ ထိုးနှံပေးဖို့ လိုအပ်ပြီး မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု ပိုမိုလျင်မြန်စွာ လွှမ်းခြုံနိုင်ရေးအတွက် များစွာ အထောက်အကူပြုမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လတ်တလော မြန်မာပြည်သူတွေကြားမှာတော့ စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက်ထိုးနှံသူအရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ၂၀၂၁ နှစ်ကုန်မှာ မြန်မာနိုင်ငံ လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်မယ်လို့ ပြောထားတာပါ။

လတ်တလောအချိန်ထိ တိုင်းဒေသကြီး နဲ့ ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဦးတည်အုပ်စုတွေအလိုက် ထိုးနှံပေးနေပြီး ဇန်နဝါရီ ၁၈ ရက်အထိ ကာကွယ်ဆေး ၁ ကြိမ် ထိုးနှံပြီးသူ ၃ ဒသမ ၆ သန်းကျော်၊ ၂ ကြိမ်အပြည့်ထိုးနှံပြီးသူ  ၁၇ ဒသမ ၈၆ သန်းကျော်နဲ့ စုစုပေါင်း ၂၁ ဒသမ ၄၆ သန်းရှိခဲ့ပြီလို့ ဖော်ပြထားပါတယ်။

ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲ စမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၁၁ လခွဲကျော် ကြာမြင့် ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာတွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူ နေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက် တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု လုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ တတိယလှိုင်းကာလမှာ သေဆုံးသူတွေရဲ့ ၇၃ ရာခိုင်နှုန်းက လိုအပ်တဲ့ ဆေးရုံတွေမှာ တက်ရောက်ကုသခွင့်မရဘဲ နေအိမ်တွေမှာ သေဆုံးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013