DVB Logo
Home
Lead Story
အမည်သညာ (ခေါ်) စရာကား
DVB
·
January 20, 2022
အမည်သညာ (ခေါ်) စရာကား
Donate to DVB

"သူက “နာမည်တစ်လုံး”နဲ့ နေတဲ့သူဗျ " မကြာခဏ ကြားဖူးနေကျ စကားပေါ့ဗျာ။ "နာမည်တစ်လုံး" ဟာ ဘဝမှာသိပ်ကို အရေးကြီးပါတယ်။ "နာမည်တစ်လုံး" ရဖို့ဆိုတာ တကယ်တော့ မလွယ်လှပါဘူး။ ရပ်ထဲရွာထဲမှာ ဒီလိုနာမည်ကောင်းတစ်ခု ရဖို့ဆိုတာ အဲသည်လူရဲ့ စိတ်ရင်းကောင်းမှု၊ သဘောထားပြည့်ဝမှု အနေအထိုင် အလုပ်အကိုင် အပြောအဆို သိက္ခာသမာဓိတွေနဲ့လည်း ဆိုင်မှာပေါ့ ခင်ဗျာ။

သူ့ရပ် သူ့ရွာ သူ့မြို့ သူ့ဝန်းကျင် သူ့နိုင်ငံမှာ သူဟာ သမာသမတ်ကျကျ တော်တဲ့မှန်ကန်သူဆိုရင် လူတွေက လေးစားပြီး သူ့ရဲ့နာမည်ကောင်းကို နောက်ပိုင်းမျိုးရိုးစဉ်ဆက်အထိ တောက်လျှောက် လူ တွေက တသသ ပြောဆိုနေကြမှာပါ။

အဲသည်လို "နာမည်တစ်လုံး"နဲ့ နေတဲ့ သူတွေရှိသလို "နာမည်များစွာ"နဲ့ နေတဲ့လူတွေလည်း ရှိတတ်ပါသဗျ။ အဲဒီလို လူကတစ်ဦးထဲ အမည်နာမကများ စွာရှိတဲ့သူတွေကို သတင်းစာတွေထဲမှာ ဓာတ်ပုံတွေနဲ့တကွ မိတ်ဆွေတို့လည်း မကြာခဏမြင်ဖူးနေကျ မဟုတ်ပါလားခင်ဗျာ။

ခါးပိုက်နှိုက်အမှုပေါင်းများစွာနဲ့ဖမ်းမိသူ "လက်ကောက် (ခေါ်) ဆံရှည် (ခေါ်) ပေတေး (ခေါ်) ဘောကြီး (ခေါ်) စိုးဝင်း " ဆိုတာမျိုး။ မုဒိမ်းမှုတွေနဲ့ ဖမ်းဆီးခံရသူ "စွေစောင်း (ခေါ်) ပြောင်ကြီး (ခေါ်) သခေါ (ခေါ်) မုတ်တာ (ခေါ်) ရှောင်လင် (ခေါ်) ဂန့်ဂေါ (ခေါ်) လှဆွေ" ဆိုတာမျိုး။

လိမ်လည်မှုတွေနဲ့ အဖမ်းခံရသူ " ဝီရ (ခေါ်) သူသူ (ခေါ်) ရှောင်ပုန်း (ခေါ်) ကွက်ကျား (ခေါ်) ဂယောင် (ခေါ်) ဂတုံး (ခေါ်) ဝင်းခိုင်ဦး " ဆိုတာမျိုး။

ပြည့်တန်ဆာခေါင်းအမှုနဲ့ ဖမ်းဆီးခံရသူ "အစိမ်းကောင် (ခေါ်) စောက်ပြော (ခေါ်) အပုန်း (ခေါ်) ဌေးဌေး (ခေါ်) လေကြီး (ခေါ်) သန်းဌေး ဆိုတာမျိုး။

လိမ်လည်မှုပေါင်းမြောက်မြားစွာနဲ့ ဖမ်းဆီးခံရသူ " မဲလုံး (ခေါ်) လေတစ်လုံး (ခေါ်) ဝါကြီး (ခေါ်) ကတ္တရာ (ခေါ်) မဟူရာကိုကို (ခေါ်) ဇော်မင်းထွန်း ဆိုတဲ့ဟာမျိုး။

နိုင်ငံပိုင်သတင်းစာတွေနဲ့ မှုခင်းအသားပေးသတင်းဂျာနယ်တွေမှာ မကြာခဏ မြင်နေကျရတဲ့ " နာမည်များစွာ "နဲ့ လူတွေပါခင်ဗျ။ သူများတွေ "နာမည်တစ်လုံး" ရဖို့ ရုန်းကန်နေရချိန်မှာ ဒင်းတို့က တော့ တစ်ယောက်ထဲကို နာမည်ပေါင်းများစွာ ပိုင်ဆိုင်နေကြပါသော်ကော။

အဲသည်လိုလူတွေဟာ သူကျင်လည်ရာ သူလုပ်စားရာ သူ့စားကျက်မှာ ဒီလိုမျိုး နာမည်ပေါင်းများစွာကို ပိုင်ဆိုင်ဖို့ရာအတွက် နှစ်ပေါင်းများစွာ ရင်းနှီးပေးဆပ်ခဲ့ ကြရမှာတော့ သေချာပါတယ် ခင်ဗျာ။

အဲသည်လိုလူတွေထဲမှာ တမုဟုတ်ချင်း တခဏချင်း တစ်လ နှစ်လအတွင်းမှာ တင် "အမည်နာမများစွာ" ကို ရရှိပိုင်ဆိုင်ခဲ့ပြီး ကမ္ဘာ့ "ဂင်းနစ်စံချိန်" ဝင်မယ့် ပုဂ္ဂိုလ်မျိုး ပေါ်ထွန်းလာခဲ့တာကတော့ အံ့သြကုန်နိုင်ဖွယ်ပေါ့ ခင်ဗျာ။

" ချိုကုပ် (ခေါ်) ဒူးကြီး (ခေါ်) ကြောင် ချီး (ခေါ်) ငပု (ခေါ်) ဘိုတု (ခေါ်) တက်ပု (ခေါ်) တပ်ပျက် (ခေါ်) တပ်ပြုတ် (ခေါ်) အလောင်းစီသူ (ခေါ်) အမျိုးယုတ် (ခေါ်) ကျက်သရေတုံး (ခေါ်) လျှပ်ရူး (ခေါ်) ကြင်စိုး (ခေါ်) မအိမ်လုံး "

သူဟာ ဘယ်လိုပြစ်မှုတွေ ထောင်သောင်း သိန်းကို ဘယ်လိုများ ဦးစီးဦးဆောင်ပြုပြီး ဘယ်လိုများ ရက်ရက်စက်စက် ပက်ပက် စက်စက် နေ့စဉ်ရက်စက် မြိန်ရေယှက်ရေ အားရပါးရ ထပ်ကာထပ်ကာ ဘယ်လိုများ ကျုးလွန်ခဲ့သူပါလိမ့်မလဲ။ ဘယ်လိုများ ကျူးလွန်နေဆဲသူပါလဲ။ ဘယ်လိုတွေများ ထပ်မံ၍ ကျူးလွန်ဦးမည့်သူပါလဲ။

ဒင်းကား နောက်ထပ် နောက်ထပ် နောက်ထပ် မည်ကဲ့သို့သောအမည်နာမပေါင်း များစွာ များစွာ များစွာကို သူရှင်သန်နေဆဲ လက်ကျန်ကာလတိုကလေးအတွင်းမှာ ဆက်လက်ပြီး ထပ်မံရရှိပိုင်ဆိုင်လေဦးမည်လဲ ဆိုတာကား အမှန်တကယ်ပင် စိတ်ဝင်စားစရာ ကောင်းလှပါတော့၏။   

ဖေကြီး ( လေရှီး)

Cartoon Credit- မောင်မောင်ဖောင်တိန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013